ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လူဦးရေ ၃ ပုံ ၂ ပုံကျော် ထွက်ပြေးတိမ်းရှောင်နေရပါ တယ်။ အဲဒီထဲက စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတာ ၊ စစ်ဘောင်ပိုကျယ်လာတဲ့ အတွက် တစ်နေရာကနေ တစ်နေရာတွေကို ထပ်မံစစ်ဘေးရှောင်ရတာတွေလည်း ရှိပါတယ်။
ဒါကြောင့် ကယားပြည်နယ် ဘော်လခဲမြို့ကနေ မိသားစုအလိုက် ထွက်ပြေးတိမ်းရှောင်လာတဲ့ အခြေအနေ၊ တောတောင်တွေထဲမှာ ရင်ဆိုင်ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မိခင်တစ်ဦးလည်းဖြစ်တဲ့ စစ်ဘေးရှောင် မယဉ်ချင်းနီနဲ့ ဆက်သွယ်မေးမြန်းချက်။
၁။ အရင်ဆုံးဘော်လခဲမြို့ကနေစပြီး စစ်ရှောင်ရတဲ့အခြေအနေနဲ့ ပတ်သက်ပြီးပြောပြပေးပါဦး။
ဘော်လခဲမြို့ရွာသစ်ခရိုင် စစ်ရှောင်လာရတော့ အခက်အခဲက တိုက်လေယာဉ်လာမကြဲခင်ဆို ကျွန်မတို့က တောင်ယာထဲမှာ သွားအိပ်တော့ တိုက်လေယာဉ်က လာကြဲတော့ ကျွန်မတို့က ဘယ်နားထပ်ပြေးရမှန်း မသိ။ တော်သေးတာ ရွာသစ်က ဘုန်းကြီးကျောင်းအောက်မှာ သွားနေတာ။ အဲဒီရက်မှာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းကိုရော လာကြဲတာ။ အဲဒီအခါကျ ဘုန်းကြီးကျောင်းမှာ သွားနေတာမရဘူး။ နောက်နေ့ ကျ စစ်ကြောင်းထိုးပြီဆိုတော့ ရွာထဲမှာစစ်ကြောင်းက သုံးကြောင်းထိုးလာတယ်။ ရွာထဲကိုရောက်နေပြီ ရွာထဲ ကိုပစ်ခတ်နေပြီ။ ရှိတဲ့ဆန်တွေ၊ အိုးခွက်တွေ ပြန်သယ်မယ်ဆိုလည်း မရတော့ဘူး။ မိသားစုကအနည်းဆုံးက ၃၀စုလောက်ရှိတယ်။ တောင်ယာဘေးမှာ တဲပြန်ထိုး ပြန်အိပ်တာ။ ကျွန်မတို့ သွားတဲ့တောင်တိုင်းမှာ တစ် ညလုံး ဒရုန်းတွေလည်းလာတယ်။ လှည့်ပတ်နေတာ။ ကင်းထောက်လေယာဉ်က လိုက်လာနေတယ်။ ကျွန်မတို့ပေါ်မှာ ဝဲနေတယ်။ ဟိုဘက်ကမ်းကိုသွားဖို့ရာ စက်လှေက မလုံလောက်ဘူးငါးစီးပဲရှိတယ်။ နောက် ကျွန်မတို့ကလည်း မိသားစုကွဲမှာစိုးလို့ ကလေးတွေအရင်ဆုံးသယ်ဆိုတော့ ကျွန်မတို့က မိသားစုကွဲမှာစိုးလို့ နောက်ဆုံးအသုတ်မှ လိုက်တယ်။ နောက်တောင်ပေါ် တစ်ညသွားအိပ်တယ်။
၂။ တောတောင်တွေထဲမှာ စစ်ရှောင်ရတော့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ။ ပြီးတော့ လုံခြုံတဲ့ နေရာကို ရောက်ဖို့ ဘယ်လိုဒုက္ခတွေနဲ့ ကြုံခဲ့ရလဲ။
တိုက်လေယာဉ်တွေ ဝဲနေတာ တနေကုန်။ ကျွန်မတို့က ဘာမိုးကာမှ မပါဘူး။ ခြင်ထောင်တစ်ထည်နဲ့ပဲထောင် အိပ်တာ။ အဲဒီမှာတော်သေးလို့ ဘုရားကယ်လို့ မိုးမရွာဘူး။ ကျွန်မတို့ခြင်ထောင်နဲ့အခင်းလည်း ဘာမှမပါဘူး။ စောင်တစ်ထည်နဲ့ ခင်းအိပ်တာ။ ရှိတဲ့အဝတ်နွေးတာလေးနဲ့ ကလေးကိုပတ်ပြီးအိပ်တာ။ ကြုံရတာတော့ ကင်း မြီးကောက်တောင် ကိုက်ခံရတာ။ ဖျာမရှိအိပ်ရတော့ အကောင်ကိုက်ခံရတာ။ အဆိပ်လည်း တက်နေတာ။ လူ တွေကိုသွားမေးတော့ ကြက်သွန်ဖြူနဲ့ရတယ်ဆိုတော့ ကြက်သွန်ဖြူတခြမ်းကိုကိုက်ပြီး ဖိလိမ်းတာ။ ၂၄နာရီ အတွင်း ကလေးကိုလည်းချီလို့မရ ပြီးတော့ ၂၄နာရီအတွင်း ကျွန်မလက်ပြန်ရုန်းလို့ရတယ်။
၃။ တခြားတစ်နေရာကနေ နောက်တစ်နေရာကို စစ်ရှောင်ရတဲ့ အခြေအနေမှာ ဘယ်လိုအခက်အခဲတွေကို အဓိက ရင်ဆိုင်ရလဲ။ တခြားစစ်ရှောင်သူတွေကရော ဘယ်လို အန္တရာယ်ကို ကြုံရလဲ။
မနက်စောစောမှာ မလုံခြုံဘူး။ ဟိုဘက်ပြန်သွားရမယ်ဆိုတော့ လူတွေကလည်း အများကြီး အဘိုးအဘွားတွေ ကလည်းပါတယ်။ မသန်စွမ်းတွေလည်းများတယ်။ အဘိုးအဘွားတွေဆို ကျောပိုးပြီးတက်ရတယ်။ တချို့ဆို ရွာသစ်မှာ လေယာဉ်လာကြဲလို့ နှလုံးရောဂါဖောက်ပြီးတော့မှ သုံးယောက်ရှိတယ်။ တစ်ယောက်က နှလုံးရောဂါ ဖောက်ပြီး ကြောင်သွားတယ်။ လမ်းလည်းမလျှောက်နိုင်ဘူး။ လွိုင်ကော်ဆေးရုံကို ပို့ရမယ်ဆိုတော့ ထမ်းသွား ရတယ်လူသုံးယောက်နဲ့။ ကျွန်မတို့နောက်မှာ အသက်၄၀ကျော် အဒေါ်ကြီးတစ်ယောက် ထမင်းပြန်လာချက် မယ်ဆိုပြီး စစ်သားကချောင်းပစ်တာ သေသွားတယ်။ နောက်စစ်သားက ချောင်းပစ်ခံရလို့ နွားကျောင်းသွားတဲ့ ဦးလေးတစ်ယောက်သေသွားတာ။
ကျွန်မတို့လည်း ပြေးလာတာမြန်လို့။ အဲဒီရက်ကမပြေးရင် ကျွန်မတို့လည်း အသက်ဆုံးရှုံးရမှာမသေရတာ။ တောင်တွေတစ်ခုပြီးတစ်ခုတက်၊ တောင်တစ်ခုကို တစ်ညအိပ်ရတယ်။ စက်လှေနဲ့ဖြတ်၊ တောင်တစ်ခု ပြန် တက်အိပ်ရတယ်။ အမိုးအကာလည်း တစ်ယောက်မှမပါကြဘူး။ ဆန်မှလည်း မပါကြဘူး။ ကားလမ်းလည်း မရှိဘူး၊ ဆိုင်ကယ်လည်း မရှိဘူး။ ကမ်းကူးရဖို့ ဆိုင်ကယ်နဲ့သွားလို့မရဘူး။ ပစ္စည်းတွေချပြီး အသက်က အရေး ကြီးတယ်ဆိုပြီး တောင်တွေပေါ်တက်ရတာ။ ငါတို့တော့ မခံနိုင်ဘူး။ လွိုင်ကော်ပြန်လို့ရလား ကားငှားပြန်လို့ရ တယ်ဆိုတော့ တချို့လည်း ပိုက်ဆံရှိတော့ သူများတွေက တက်သွားကြတယ်လေ။ ကျွန်မတို့က ပိုက်ဆံမရှိ တော့ တချို့ကပိုက်ဆံလုံးဝမရှိတော့ မြို့ပေါ်မှာ အမျိုးလည်းမရှိ၊ ငွေရေးကြေးရေးလည်းမရှိတော့ တချို့က တက်ချင်တယ် တက်ခွင့်မရဘူး။ သေရင်သေပါစေ ဒီမှာပဲနေမယ်။ ကျွန်မတို့က တောင်ပေါ်တက်ပြီး တဲထိုး အိပ်တာ။ တခြားမိသားစုဝင် ၂၅ယောက်လောက်ပြန်တယ်။ ရေကလည်းမရှိတော့ ရေကိုကြိုပြီးသောက်ရင် တောင် အနယ်ရှိတယ်။ ကလေးတွေဆို ဝမ်းလျောအန်ကြတယ်။ ကလေးတွေ တအားတက်ကြတယ်။ ဘာဆေးမှမပါဘူး။ ကျွန်မမှာပါတဲ့ အုန်းဆီနဲ့သွားတိုက်ဆေးနဲ့ လိမ်းပေးတော့ သက်သာသွားတယ်။ အဲဒီ အချိန်မှ ကလေးကအိပ်လို့ရတယ်။ ၁နှစ်နဲ့နှစ်လပဲရှိသေးတယ် ကလေးက။
၄။ မိခင်တစ်ဦးလည်း ဖြစ်တယ်ဆိုတော့ စစ်ရှောင်ကလေးငယ်သူတွေမှာ ဘယ်လို ပြဿနာတွေ အများစု တွေ့ရလဲ။
မွေးကင်းစ ကလေးက နှစ်ယောက်ပါတယ်။ သူ့အမေက လမ်းလျှောက်ရတာပဲ။ ကျွန်မတို့က ကလေးနည်းနည်း ကြီးတော့ သက်သာသေးတယ်။ တချို့ကထိုင်းနယ်စပ်ကိုသွားမယ်၊ မြို့ပေါ်ကိုသွားမယ်ပေါ့။ သွားလို့မရဘူး ပြောပြန်ရော။ အရင်သွားတဲ့အဖွဲ့က ထိုင်းနယ်စပ်မှာ ရောက်သွားတော့ ဒုက္ခသည်တွေပြည့်နေတော့ သူတို့ပြန် လှည့်လာရတယ်။ အဲဒီမှာလမ်းမှာ ဖမ်းခံရတာလည်းရှိတယ်။ သတ်ခံရတာလည်း ရှိတယ်။