စစ်တွေ – ဩဂုတ်(၉)

ရခိုင်ပြည်နယ်က ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ရသေ့တောင်၊ဘူသီးတောင်နဲ့ တောင်ကုတ် မြို့နယ်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတဲ့အတွက် လူထောင်နဲ့ချီရေဘေးဒုက္ခကြုံတွေ့နေရ တယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ဘေးရှောင်ဒုက္ခသည်တွေအပါအဝင် ပြည်သူတွေကို ဘေးလွတ်ရာ ကိုရွှေ့ပြောင်းထားကြရတာပါ။

မုန်တိုင်းဒဏ်ခံထားရပြီး စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုမရတဲ့ ရခိုင်ဒေသမှာ အခုလို ရေကြီးမှုနဲ့ ထပ်မံကြုံတွေ့နေရတဲ့အတွက် ပြည်သူတွေအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ လူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့်ဆောင်ရွက်ရေးအဖွဲ့ကပြောပါတယ်။

” မြို့နယ်တော်တော်များများမှာ ဒုက္ခရောက်နေကြရပြီ ။ ကျွန်တော်တို့ရခိုင်က မိုခါမုန်တိုင်း ကြောင့် တော်တော်လေးအထိနာထားတာ။ အခု ဒီလိုမျိုးထပ်ဖြစ်လာတယ်ဆိုတော့ ဒါဟာ တော်တော်လေး ဆိုးရွားတဲ့အခြေအနေပါပဲ “လို့ လူထု ဘေးဒဏ်ခံနိုင်စွမ်း တိုးမြှင့် ဆောင်ရွက်ရေးအဖွဲ့အမှုဆောင်ဒါရိုက်တာ ကိုဇော်ဇော်ထွန်းက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ကစ္ဆပနဒီမြစ်ရေနဲ့ လေးမြို့မြစ်ရေ မြင့်တက်လာတဲ့အတွက် အခုလိုရေဘေးဒဏ်ကြုံတွေ့နေရတာ ဖြစ်ပြီး ကိုင်းတောကျေးရွာအုပ်စုအနီးက ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာ ရေ(၅)လက်မ လောက်ကျော်နေသလို နန်းကျားကျေးရွာအုပ်စု ဆီသည်ကျေးရွာအနီးမှာလည်း (၆)လက်မ လောက်ရေကျော်နေတယ်လို့ ရခိုင်ပြည်နယ်စစ်ကောင်စီက ဆိုထားပါတယ်။

လက်တလော ရေဘေးကြုံတွေ့နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြည်နယ်စစ်ကောင်စီကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းချိန်မှာတော့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေနဲ့ အစည်းအဝေးပြုလုပ်နေပြီး အစည်းအဝေးဆုံးဖြတ်ချက် ထွက်မလာသေးတဲ့အတွက် အသေးစိတ်ပြောလို့မရသေးဘူးလို့ တုံ့ပြန်ထားပါတယ်။

ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်တွေရှိနေတဲ့ မြောက်ဦးမှာလည်း အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင် နေတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

“မနေ့တည်းက စစ်ဘေးရှောင်တွေကို နေရာပြောင်းရွှေ့နေရတာ အခုဆိုရင် စစ်ဘေးရှောင် စခန်းတွေရော မြောက်ဦးက အနိမ့်ပိုင်းရပ်ကွက်တွေမှာရော အကုန်ရေဝင်ကုန်ပြီ “လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ်က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာလည်း သုံးပေနီးပါးအထိ ရေဝင်ရောက် လာပြီဖြစ်တဲ့အတွက် ဒေသခံတွေအခက်တွေနေရပါတယ်။

“အခုရက်ပိုင်း မိုးကအဆက်မပြတ်ရွာနေတော့ အခုလိုရေကြီးတာပါ။ လောလောဆယ်တော့ အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုအပေါ်ထပ်ကိုပြောင်းရွှေ့ထားရတယ် “လို့ မင်းပြားမြို့ဒေသခံတစ်ဦး ဖြစ်တဲ့ ကိုရန်နိုင်က ပြောပါတယ်။

ကျောက်တော်မြို့နယ်မှာရှိတဲ့ ကစ္ဆပနဒီ မြစ်ရေတိုးလာတဲ့အတွက် မူးချောင်းကျေးရွာက အိမ်ထောင်စု (၅၅)စု၊ကျောက်တလုံးကျေးရွာက အိမ်ခြေ(၁၅၀)၊လူဦးရေ(၁၁၄၀) ကို ဘေးလွတ်ရာနေရာတွေ ပို့ဆောင်ပေးထားရပါတယ်။

မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရွာဟောင်းမှာလည်း အိမ်ထောင်စု(၅)စု၊မြတန်ဆောင်း စစ်ရှောင် စခန်းမှ အိမ်ထောင်စု(၂၂၃) စုတို့ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးထားတယ်လို့ ပြည်နယ် စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.