ဘီးလင်း- သြဂုတ် (၉)
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းရှိ ရန်ကုန်- မော်လမြိုင်ကားလမ်း ရေထပ်ကျော်ပြီး ရေစီးသန်နေတဲ့အတွက် ခရီးသွားယာဉ်တွေကို ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ပင်ထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ သိရပါတယ်။
သြဂုတ် ၈ ရက်နေ့ ညပိုင်းကတည်းက ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းပြီး ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ကျော်လွန်လာပြီးနောက် ကားလမ်းရေကျော်မှုတွေ ထပ်မံဖြစ်ပွားနေတာပါ။
ကားလမ်းရေကျော်မှုကြောင့် မနေ့ ည ၇ နာရီကတည်းက ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားတာဖြစ်ပြီး ဒီနေ့ သြဂုတ် ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ထိ ပြန်ဖွင့်နိုင်ခြင်း မရှိသေးပါဘူး။
“လမ်းက ဘယ်ယာဉ်မှ သွားလာလို့ မရဘူး၊ အကုန်ပိတ်ထားတယ်၊ ရေစီးတအားသန်နေတာ၊ ရေကလည်း ထပ်တက်နေတော့ ဘယ်အချိန်လောက်မှ လမ်းပြန်ဖွင့်ပေးမလဲဆိုတာ မသိရသေးဘူး”လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ရန်ကုန်-မော်လမြိုင်ကားလမ်း ရေကျော်မှုကြောင့် ဘီးလင်းမြို့တွင်း၊ တိုးဂိတ်ဟောင်းနေရာနဲ့ သထုံမြို့နယ် ဒုံဝန်းကျေးရွာအနီးနေရာတွေမှာ ခရီးသွားကား ရာနဲ့ချီ ပိတ်ဆို့မှု ဖြစ်ပေါ်နေပါတယ်။
ကားလမ်းရေကျော်မှုဟာ ဘီးလင်းမြို့နယ်အတွင်းရှိ မစောတံတား၊သကြားစက်လမ်းဆုံ၊ ရွှေရောင်ပြကျေးရွာနဲ့ တောင်ကလေးကျေးရွာတို့မှာ ၄ နေရာလောက် ကားလမ်းရေကျော်မှု ဖြစ်ပွားနေတာပါ။
မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့ မနက် ၆ နာရီခွဲအချိန် တိုင်တာချက်တွေအရ ဘီးလင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၀၂၂ စင်တီမီတာ အထက် ၁၀၉၅ စင်တီမီတာသို့ ရောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဘီးလင်းမြို့နယ် ရေကြီးရေလျှံမှုကြောင့် ယာယီကယ်ဆယ်ရေစခန်း ၂၇ ခုအထိ ဖွင့်လှစ်ထားရပြီး ရေဘေးသင့်ပြည်သူ ၁၀,၀၀၀ ကျော်ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ- Social Media