ရန်ကုန် – ဩဂုတ်(၉)

ဦးဟင်နရီဗန်ထီးယူကို ပါတီက ယုံကြည်စွာတာဝန်ပေးထားတဲ့ ဒုသမ္မတတစ်ဦးဖြစ်ခဲ့ပေမယ့် စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပယ်လိုက်တယ်လို့ ဒီနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က ပြုလုပ်တဲ့ ဒုတိယဗဟိုကော်မတီ ကြားကာလ အရေးပေါ် အစည်းအဝေးမှာ ဗဟိုကော်မတီဝင်တွေရဲ့ သဘောထားနဲ့ အများသဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဗဟိုအလုပ်ကော်မတီက ဆိုထားပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်အရ ပါတီကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဟင်နရီဗန်ထီးယူဟာ မဲဆန္ဒရှင် ပြည်သူတွေအပေါ် ပေးအပ်ထားတဲ့ ကတိသစ္စာကို ချိုးဖောက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့အတွက် ထုတ်ပယ်ခံရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြည်သူ့ဆန္ဒကိုသာ အဓိကထား အကောင်အထည်ဖော် ဆောင်ရွက်ရတဲ့ ပါတီရဲ့ ရည်ရွယ် ချက်တွေနဲ့ ချမှတ်ထားတဲ့ မူဝါဒတွေကို ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလို ပါတီက ထုတ်ပယ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဦးဟင်နရီဗန်ထီးယူကို သံလွင်တိုင်းမ် အနေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါတယ်။

စစ်ကောင်စီဟာ NLD ပါတီ ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင် (၉) ဦးပါအဝင် အဆင့်ဆင့်သော ပါတီဝင်အများအပြားကို မတရားဖမ်းဆီးချုပ်နှောင်ထားတာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ ဒီမိုကရေစီလိုလားတဲ့ ပြည်ထောင်စုတစ်ဝန်းလုံးက တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်ကို ရင်ဆိုင်တိုက်ပွဲဝင်နေတယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NLD ပါတီဝင် (၉၈၇) ဦးဖမ်းဆီးခံထားရပြီး အဲဒီထဲက (၅၀) ကျော်ဟာ စစ်ကြောရေးနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံထားရသလို နေအိမ်တွေနဲ့ မတရားချိပ်ပိတ်သိမ်းဆည်းမှုတွေလည်း အမှုပေါင်း (၃၀၀) ကျော်အရှိရှိတယ်လို့ ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီ ဝါဒဖြန့်မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.