ဝါရှင်တန် – ဩဂုတ်(၅)
တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပေးတယ်ဆိုတဲ့ စွဲချက်နဲ့ အမေရိကန်ရေတပ် အမှုထမ်း(၂) ဦးကို ဖမ်းဆီးထားတယ်လို့ အမေရိကန်တရားရေးဌာနက ဩဂုတ်လ(၃) ရက်နေ့မှာ ပြောခဲ့ပါတယ်။
သူတို့ဟာ စစ်သင်္ဘောတွေအတွက် လက်နက်စနစ်၊ရေဒါစနစ် အသေးစိတ်အချက်အလက်တွေနဲ့ အမေရိကန်စစ်ရေးလေ့ကျင့်မှုပြုလုပ်မယ့် အစီအစဉ် လျှို့ဝှက်ချက်တွေ တရုတ်ကိုရောင်းချခဲ့ တယ်ဆိုတဲ့ သံသယနဲ့ ဖမ်းဆီးခံထားရတာပါ။
“ဒီဖမ်းဆီးမှုတွေဟာ ကျွန်တော်တို့ရဲ့ ဒီမိုကရေစီစံနှုန်းကို ထိခိုက်စေပြီး ခုခံကာကွယ်သူတွေကို ခြိမ်းခြောက်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ရန်လိုသည့် ကြိုးပမ်းမှုတွေကို သတိပေးချက် ဖြစ်ပါတယ်” လို့ FBI ထောက်လှမ်းရေးဌာနခွဲမှတာနာက ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကို ဆိုးရွားစွာထိခိုက်စေနိုင်တဲ့ စစ်ရေးအချက်အလက်တွေကို တရုတ်နိုင်ငံက အဲဒီစစ်မှုထမ်းတွေဆီက ရယူဖို့အတွက် အပေးအယူလုပ်ထားတာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
ဆန်ဒီဂိုရှိ USS Essex ရဲ့ ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေ တဲ့ သင်္ဘောသား ဝီဂျင်ချောင်ဟာ သင်္ဘော လည်ပတ်မှုနဲ့ စနစ်တွေရဲ့ အသေးစိတ်စာရွက်စာတမ်း တွေ ဓာတ်ပုံနဲ့ ရုပ်သံဒါဇင်ပေါင်းများစွာကို လွှဲပြောင်းပေးခဲ့တယ်လို့ တရားရေးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
သတင်းအချက်အလက်တွေအတွက် ဒေါ်လာ ထောင်ပေါင်းများစွာ ရရှိခဲ့တယ်လို့ စွပ်စွဲခံထားရ တဲ့ အသက်(၂၂) နှစ်အရွယ် အမျိုးသားဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
သီးခြားဖြစ်ရပ်တစ်ခုမှာတော့ လော့စ်အိန်ဂျလိစ်မြို့ မြောက်ဘက်မှာရှိတဲ့ ရေတပ်အခြေစိုက် စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိငယ် ဝမ်ဟမ် ဆိုသူဟာလည်း (၂) နှစ်နီးပါးတရုတ် အတွက် သူလျှိုလုပ်ခဲ့တာရှိတယ်လို့ တရားရေးဌာက ပြောပါတယ်။
အဲဒီအရာရှိဟာ အင်ဒို-ပစိဖိတ်ဒေသမှာ အကြီးစား အမေရိကန်စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်တဲ့ ကုန်းရေနှစ်သွ် ဆင်းသက်ချိန်နဲ့ တည်နေရာအသေးစိတ်အချက်အလက်တွေအပါအဝင် အမေရိ ကန်ရဲ့ စစ်ရေးလေ့ကျင့်မှု အချက်အလက်တွေအတွက် တရုတ်ထောက်လှမ်းရေးအေးဂျင်တစဦး ဆီကနေ ကန်ဒေါ်လာ(၁၅၀၀၀) နီးပါးရယူခဲ့တာဖြစ်တယ်လို့ ဆိုထားတာပါ။
စစ်အင်အားကြီးမားတဲ့ ဂျပန်နိုင်င့တောင်ပိုင်းမှာအခြေစိုက်ထားတဲ့ အမေရိကန်စစ်စခန်းတစ်ခုက ရေဒါစနစ် အီလက်ထရစ်ပုံကြမ်းတွေနဲ့အသေးစိတ်ပုံစံတွေကိုလည်း လွှဲပြောင်းပေးခဲ့တယ်လို့ လည်းစွပ်စွဲခံထားရပါတယ်။
“ရန်လိုနေတဲ့နိုင်ငံရပ်ခြားအတွက် အလုပ်လုပ်တဲ့ ထောက်လှမ်းရေးအရာရှိဆီ ဒီအရေးကြီးတဲ့ စစ်ရေးအချက်အလက်ကို ပေးပို့ခြင်းဖြင့် တရားခံဟာ ကျွန်တော်တို့နိုင်ငံကို ကာကွယ်ဖို့ သူ့ရဲ့ မြင့်မြတ်တဲ့သစ္စာတရားကို ဖောက်ဖျက်ခဲ့ပါတယ်” လို့ အမေရိကန်ရှေ့နေ မာတင်အက် စထရာ ဒါက ပြောခဲ့ပါတယ်။
“ချီးမြှောက်မှု၊ ဂုဏ်ထူးနဲ့ ရဲစွမ်းသတ္တိရှိတဲ့ နိုင်ငံကို တာဝန်ထမ်းဆောင်တဲ့ အမေရိကန် ရေတပ်သားအများစုနဲ့ မတူဘဲ မစ္စတာဇောင်က သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့နိုင်ငံကို လက်စားကာ ရောင်းစားဖို့ ရွေးချယ်ခဲ့တယ်” လို့ သူကပြောပါသေးတယ်။
Ref:CNA