ကျိုက်မရော၊ ဇူလိုင်(၄)
မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာရှိ ချောင်းနှစ်ခွတံတား လုံခြုံရေးရဲကင်းအနီးမှာ အရပ်သားပြည်သူတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ချောင်းနှစ်ခွတံတားရဲကင်းအနီးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံး ၂ လုံးချပြီး တိုက်ခိုက်ခဲ့ပါတယ်။
လုံခြုံရေးရဲကင်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က သေနတ်နဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာတွေ အဆက်မပြတ် လုပ်ဆောင်ခဲ့တာပါ။
အဲဒီပစ်ခတ်မှုကြောင့် ဖခင်ဖြစ်သူကို ရော်ဘာခြံသွားပို့ပြီး နေအိမ်ပြန်လာတဲ့ ချောင်းနှစ်ခွရွာသား အသက် ၃၀ အရွယ် ကိုငြိမ်းချမ်းဟာ ကျည်ထိမှန်ပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။
လုံခြုံရေးရဲကင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီကနေ ချောင်းနှစ်ခွတံတားကို အချိန်တစ်နာရီကျော်အကြာပိတ်ထားခဲ့ပြီး နေ့လည် ၁ နာရီလောက်မှာ ပြန်ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ဇူလိုင် ၃ ရက်နေ့မှာတော့ ချောင်းနှစ်ခွတံတားမှာ ပုံမှန်အတိုင်း သွားလာတာတွေ ရှိပေမယ့် ချောင်းနှစ်ခွဒေသခံအများစုက အပြင်ထွက်သွားလာတာတွေ မရှိသလောက်နည်းပါးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၂ ရက်နေ့ကလည်း ချောင်းနှစ်ခွရဲကင်းနဲ့ စစ်ဆေးရေးဂိတ်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ရဲနဲ့ စစ်သား ၃ ဦး သေဆုံးပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးကိုလည်း KNLA ပူးပေါင်းတပ် ဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-Saw Dragon Drone Force