Tourists surf on Kuta Beach in Denpasar, on Indonesia resort island of Bali, on April 16, 2023. (Photo by SONNY TUMBELAKA / AFP)

ဘာလီ – မေ(၃၁) 

အင်ဒိုနီးရှားနိုင်ငံရဲ့ ရေပန်းစားတဲ့ အပန်းဖြေ ကျွန်းပေါ်မှာ Crypto ငွေကြေးသုံးစွဲပြီး ကုန်ပစ္စည်း တွေကို ငွေပေးချေနေတာတွေရပ်တန့်ဖို့ ခရီးသွားတွေကို ဘာလီကျွန်းခရိုင်ဒေသန္တရရုံးက သတိပေးခဲ့ပါတယ်။ 

သတိပေးချက်ဟာ အင်ဒိုနီးရှားမီဒီယာဖြစ်တဲ့ Kompas ရဲ့ သတင်းအစီရင်ခံမှု နောက်ဆက်တွဲ ထွက်ပေါ်လာတာဖြစ်ပြီး ဘာလီကျွန်းတောင်ဘက် ကမ်းခြေအချက်အချာနေရာဖြစ်တဲ့ စမီရက် မှာရှိတဲ့ စားသောက်ဆိုင်၊တရားထိုင်အနားယူစတူဒီယို၊ မော်တော်ဆိုင်ကယ်ငှားရမ်းတဲ့နေရာတွေ မှာ Crypto ငွေကြေးကို လက်ခံသုံးစွဲနေတာပါ။ 

“မလျော်ကန်တဲ့ အရာတွေကိုပြုမူတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေဟာ ဗီဇာတွေက ခွင့် မပေးထားတဲ့ အရာတွေကို လုပ်ဆောင်တယ်။ Crypto တွေကို ငွေပေးခြင်းမှုနည်းလမ်းအဖြစ် အသုံးပြုတယ်။ သတ်မှတ်ချက်တွေကို ဖောက်ဖျက်မယ် ဆိုရင်တော့ ထိထိရောက်ရောက်အရေး ယူသွားပါမယ်” လို့ အုပ်ချုပ်ရေးမှူး ဝါယန်ကိုစတာက ဘာလီခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး မီဒီယာ ကွန်ဖရင့်မှာ ပြောခဲ့ပါတယ်။ 

Kompas သတင်းဌာရဲ့ အစီရင်ခံမှုမှာ ယူကရိန်းစစ်ပွဲကတဆင့် စီးပွားရေးပိတ်ဆို့မှု ခံနေရတဲ့ ရုရှားနိုင်ငံက ခရီးသွားတွေဟာ သူတို့ရဲ့ ငွေသားနဲ့ ပေးချေရာမှာ အခက်အခဲတွေကြုံတွေ့နေရ တယ်လို့လည်း ဖော်ပြထားပါတယ်။ 

ခရီးသွားတွေအနေနဲ့ အင်ဒိုငွေကြေးဖြစ်တဲ့ ရူပီယက်ထက် တခြားငွေကြေးပုံစံမျိုးကို အသုံးပြု ပြီး ပေးချေပါက အင်ဒိုနီးရှားရဲ့ ဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် အမြင့်ဆုံး ထောင်ဒဏ် (၁) နှစ်နဲ့ ရူပီယာ (၂) သန်းအထိ ဒဏ်ငွေကျသင့်မှာဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူး မစ္စတာကိုစတာ ကပြောပါသေးတယ်။ 

ဒါ့အပြင် တရားမဝင်ငွေကြေးလဲလှယ်မှုတွေကို လက်ခံဆောင်ရွက်တဲ့ စီးပွားရေးလုပ်ငန်းတွေ လည်း ထောင်ဒဏ်နဲ့ ငွေဒဏ် ကျသင့်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။ 

Bank of Indonesia ဘာလီရုံး အကြီးအကဲကလည်း Crypto ပိုဆိုင်မှုတွေဟာ ရောင်းဝယ်ဖောက် ကားနိုင်တဲ့ ကုန်ပစ္စည်းတွေအဖြစ် အနာဂတ်မှာ ခွင့်ပြုထားပေမယ့် ငွေပေးချေမှုနည်းလမ်းအဖြစ် အသုံးပြုတာကိုတော့ ကန့်သတ်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ 

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်ကို လာရောက်တဲ့ ခရီးသည်တွေထဲက တချို့သူတွေဟာ တရား မဝင် အလုပ်လုပ်တာ၊ ဘာသာရေးနေရာတွေကိုမထီမဲ့မြင်ပြုတာနဲ့ အရက်သေစာသောက်ပြီး မော်တော်ဆိုင်ကယ်မောင်းနှင်တာတွေကြောင့် ဒေသခံတွေနဲ့ နိုင်ငံခြားသားတွေကြား တင်းမာမှု တွေရှိနေတယ်လို့သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.