ဘန်ကောက် – မေ(၁၇)
ညီညွတ်သော ထိုင်းနိုင်ငံသားများပါတီ UTN ပါတီဒုတိယခေါင်းဆောင်ဖြစ်သူ ထနကွန် ဝန်ဘွန် ကွန်ချာနာက လက်ရှိဝန်ကြီးချုပ် ပရရွတ်အနေနဲ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် နိုင်ငံရေး လောကကို့ စွန့်ခွာသွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ထားတဲ့ ရလဒ်တွေအရ Move Forward နဲ့ Pheu Thai ပါတီတို့ဟာ ထိပ်တန်းရလဒ်တွေရရှိခဲ့ပြီး လိမ္မော်ရောင်ပါတီက ပါလီမန်ထိုင်ခုံ (၁၅၂)ခုံ၊ ဖီယူ ထိုင်းပါတီက (၁၄၁)ခုံနဲ့ ပရရွတ်ဦးဆောင်တဲ့ ပါတီက ထိုင်ခုံ(၃၆) ခုံသာရရှိခဲ့တာပါ။
ဝန်ကြီးချုပ်အဖြစ် (၈) နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ် ပရရွတ် နဲ့ ပတ်သက်ပြီး မစ္စတာ ထနာကွန်က အခုလိုပြောခဲ့ပါတယ်။
“သူ့ဘဝ တစ်ခုလုံးစာ နိုင်ငံအတွက် အလုပ်လုပ်ခဲ့တယ်။ ဝန်ကြီးချုပ်အဖြစ် ရှစ်နှစ်ကျော် တာဝန် ထမ်းဆောင်ခဲ့တယ်။ သူဟာ တိုင်းပြည်အတွက် အများကြီးဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို ထိုင်းနိုင်ငံနှင့် အဝှမ်းက ထိုင်းနိုင်ငံသားအကုန်သိမှာဖြစ်သလို လာဘ်စားခြင်းလိုမျိုး ဘယ်အရာ နဲ့မှ အစွန်းအထင်းမရှိခဲ့တာလည်း သိကြမယ်လို့ ကျွန်ုပ်ယုံကြည်ပါတယ်။ အနည်းဆုံးတော့ အန်ကယ် သူ လို့ အမည်ရဲ့ ဗိုလ်ချုပ် ပရရွတ်ကတော့ ထိုင်းနိုင်ငံသားတွေရဲ့ စိတ်နှလုံးထဲမှာ အချိန်အကြာ ရှိနေရစ်မယ် လို့ ကျွန်ုပ် ထင်ပါတယ်”လို့ UTN ပါတီဒုတိယ ခေါင်းဆောင် က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ဒီမိုကရေစီနည်းကျရွေးကောက်ခံထားရတဲ့ ရင်လတ်အစိုးရကို ဖြုတ်ချ ပြီး အာဏာသိမ်းမှုကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရရွတ်ဟာ ထိုင်းစစ်တပ်က ဦးဆောင်ရေး ဆွဲထားတဲ့ ၂၀၁၉ အခြေခံဥပဒေအရ ရွေးကောက်ပွဲ မကျင်းပခင်အထိ နိုင်ငံကိုအုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအချိန်က ဗိုလ်ချုပ်ကြီး ပရရွတ်ဟာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ PPRP ပါတီ ရဲ့ ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းဖြစ်ခဲ့ပြီး အောက်လွှတ်တော်မှာ Pheu Thai ပါတီက နေရာ အများစုကို အနိုင်ရခဲ့ပေမယ့် စစ်တပ်ပါတီဟာ သူတို့ရဲ့နိုင်ငံရေး မဟာမိတ်တွေနဲ့ အစိုးရဖွဲ့စည်း ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ ဝန်ကြီးချုပ် ပရရွတ်ရဲ့ နိုင်ငံရေးမှာ ဆက်ရှိမလား ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံသားတွေအပြင် အိမ်နီးချင်းနိုင်ငံတွေကပါ စိတ်ဝင်တစား စောင့်ကြည့် နေကြတယ်လို့ သိရပါတယ်။
Ref:CNA