လွိုင်ကော်၊ ဧပြီ(၃၀)

ပြည်သူ့ခုခံစစ်တွေကြောင့် တပ်အင်အားပြုန်းတီးမှုနဲ့အတူ နယ်မြေဆုံးရှုံးမှုများလာတဲ့ စစ်အုပ်စုဟာ တော်လှန်ရေး အင်အားစုတွေကိုဖိနှိပ်ဖို့နဲ့ အသားစီးရဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေကို အ ဓိက အသုံးပြုလာသလို အရပ်သားတွေကိုပါ ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရေးပေါ်ကာလ သက်တမ်းထပ်တိုးထားတဲ့ ၂၀၂၃ ခုနှစ်အတွင်း အပြင်းအထန်ဆုံး ပြုလုပ်လာသလို လေကြောင်းတိုက်ခိုက်မှုမှာလည်း အရပ်သားပစ် မှတ်တွေကိုပါ မချန်ဘဲ တိုက်ခိုက်ခဲ့လာတာပါ။

အဆိုးဆုံးအနေနဲ့ စစ်အုပ်စုရဲ့ လေကြောင်းပစ်မှတ်တွေထဲမှာ စာသင်ကျောင်း၊ ဘာသာရေးအ ဆောက်အဦး၊ ဆေးရုံ၊ ဆေးပေးခန်းတွေအပြင် အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့ နေရာတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်း တိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာဖြစ်စဉ်မှာ သေဆုံး ၁၇၀ ကျော်မှာ အမျိုးသမီးနဲ့ ကလေးသူငယ် ၆၀ နီးပါး ပါဝင်ခဲ့ပါတယ်။

CDM ဗိုလ်ကြီးကောင်းသူဝင်းကတော့ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ပြည်သူတွေကို အပြင်းအထန်ဆုံး အကြောက်တရားသွင်းတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေကို ထောက်ပို့လမ်းကြောင်း ဖြတ်တောက်တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒေသတစ်နေရာရာနဲ့သူတို့ကျင့်သုံးပုံချင်းကတော့ မတူကြဘူးပေါ့နော်။ ဒီထဲမှာတော့ သူတို့တွေက (စစ်ကောင်စီတပ်) စစ်ရေးပြင်းထန်တဲ့နေရာတွေကို အဓိကကိုင်တွယ်တာကတော့ လေကြောင်းနဲ့ပဲပေါ့နော်။ လေကြောင်းအသာရရှိမှုနဲ့ပဲ သူတို့တိုက်ခိုက်တယ်။ ပြီးရင်အကြောက်တရားပေါ့နော်။ ပြည်သူတွေကိုလည်း အကြောက်တရားဖြစ်အောင် ပြည်သူတွေရဲ့ရွာတွေကို မီးရှို့တယ်။ လေ ကြောင်းနဲ့ဗုံးကြဲတယ်။ မကြောက် ကြောက်အောင် ထောက်ပို့လမ်းကြောင်းတွေကိုဖြတ်တယ်” လို့ ပြောပါတယ်။နိုင်ငံဟာသာမန်အခြေအနေ မဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ အရေးပေါ်ကာလ ခြောက်လသက်တမ်းထပ်တိုးထားတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံတဝန်းက တိုက်ပွဲတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကို အပြင်းအထန်ဆုံး အသုံးပြုလာတာပါ။စစ်ကောင်စီဟာ ဖေဖော်ဝါရီနှောင်းပိုင်းကစပြီး တော်လှန်ရေးအင်အားစု အားကောင်းတဲ့ ကချင်၊ကယား၊ကရင်၊ ချင်းနဲ့ အညာဒေသတွေဖြစ်တဲ့ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့ကို ဖိနှိပ်ဖို့အတွက် အင်အားအလုံးအရင်းနဲ့ အပြင်းအထန် ထိုးစစ်ဆင်နေသလို တိုက်ပွဲတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေကို အဓိကအသုံးပြုလာတာပါ။ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးကတော့ ကယား ပြည်နယ်တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာလာတဲ့အတွက် သေနတ်သံကြားတာနဲ့ လေယာဉ်တက်လာပြီး လာရောက်တိုက်ခိုက်တဲ့ အခြေအနေထိဖြစ်နေတယ်လို့ ပြောပါတယ်။ “(၂၀၂၃)ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှုက လုံးဝကိုခပ်စိပ်စိပ်လို့ပြောလို့ရတယ်။ တိုက်ပွဲတွေထဲမှာဆိုလို့ရှိရင် သေချာတယ်ဗျာ။ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ကောင်စီက နည်းနည်းလေးအထိနာများတယ် ဒီမှာကလေ။ နေ့စဉ်နီးပါးအထိနာများတော့ စစ်ကောင်စီကတိုက်ပွဲဖြစ်ပြီ တစ်ခုခုဖြစ်ပြီ သေ နတ်သံပေါက်ပြီဆိုတာနဲ့ လက်နက်ကြီးတွေပစ်မယ်။ လက်နက်ကြီးကိုလည်း အရမ်းအများကြီးသုံးတယ်။ လက်နက်ကြီးတအားသုံးတဲ့ အပြင်ကို လေယာဉ်ပါတောက်လျှောက်သုံးတယ်ပေါ့နော်။ တစ်ခါခါလာပြီဆိုရင် နှစ်စီးလောက်လာတယ်။ လာပြီးရင် တစ်စီးကိုအနည်းဆုံး ငါးကြိမ်လောက်ပစ်တာမျိုးတွေလုပ်တယ်” လို့ သူကပြောပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်က NUG ၊ PDF ပံ့ပိုးကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ကို ပြတ်ပြတ်သားသား အရေးယူမယ်လို့ ပြောဆိုပြီးနောက် ဒီနေ့အချိန်ထိ နေ့စဉ်နဲ့အမျှ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာသလို မီးလောင်ဗုံးအသစ်တွေကိုပါ စမ်းသပ်အ သုံးပြုလာတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအအရ အရေးပေါ်ကာ လသက်တမ်းထပ်တိုးတဲ့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေအတွင်း စစ်ကောင်စီဟာ နိုင်ငံဝတဝန်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀၀ ထက်မနည်း ပြုလုပ်ထားသလို ထူးခြားမှုအနေနဲ့ မြေပြင်နဲ့လေကြာင်း ပူးတွဲ စစ်ဆင်ရေးတွေကိုပါ လုပ်ဆောင်နေပါတယ်။

လေကြောင်းရန်ကာကွယ်ရေးတပ်က CDM တပ်ကြပ်ကြီး ဇေယျကတော့ စစ်အုပ်စုဟာ သူတို့ကိုမထောက်ခံရုံနဲ့ တော်လှန်ရေးသမားတွေနဲ့ အရပ်သားတွေကို မခွဲခြားဘဲ လေကြောင်းကနေ အပြင်းထန်ဆုံး ဖိနှိပ်လ တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူလုပ်မယ်ဆိုတာက ဒီလေကြောင်းကနေ နောက်တန်းဌာနချုပ်တွေကို ဗုံးကြဲမယ်။ သူတို့ကိုဆန့်ကျင်တဲ့ မြို့တွေ၊ ရွာတွေအကုန်ပေါ့။ ဒါပဲသူလုပ်လို့ရမှာ။ သူဒီစကားပြောကတည်းက သူ့ရဲ့လုပ်နိုင်စွမ်းဟာ ဒီလေတပ်ကို အားကိုးပြီးဗုံးကြဲတဲ့ အလုပ်ကိုပဲလုပ်မှာ။ ဒါပေမယ့် ခုနကစစ်ကိုင်းလိုနေရာမျိုးတွေက သူ့အတွက်အရေးပါတဲ့ ကာကွယ်ရမယ့် အခုရေတာရှည်လိုနေရာမျိုးတွေ နေပြည် တော်နဲ့နီးတယ်။ နောက်ပြီး ကရင်နီလိုနေရာမျိုး တွေက မဟာဗျူဟာနေရာတွေဖြစ်တဲ့အတွက် သူကာကွယ်ရမယ့်နေရာတွေကို အင်အားတွေပိုပြီးထိုးလိမ့်မယ်” လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ နှစ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၅၀ ထက်မနည်း ပြုလုပ်ခဲ့ပြီး အဲဒီဖြစ် စဉ်တွေကြောင့် အရပ်သားရာနဲ့ချီ သေဆုံးခဲ့တယ်လို့ ဆိုထားပါတယ်။စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် အနမ့်ပါကျေးရွာဖြစ် စဉ်၊ ချင်း ပြည်နယ်၊ ဖလမ်းနဲ့ထန်တလန်မြို့နယ်ဖြစ်စဉ်၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းနဲ့ ရင်ပေါင် တိုင်ကျေးရွာဖြစ်စဉ်မှာတွေမှာဆိုရင် အရပ်သားပြည်သူတွေ အစုံအလိုက် အပြုံအလိုက် သေဆုံးတာတွေ ရှိခဲ့တာပါ။

NUG ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်ကတော့ စစ်ကောင်စီရဲ့ လေကြောင်း တုံ့ပြန်ဖို့အတွက် အမေရိကန်ဒေါ်လာ ၈ သိန်းအသုံးပြုထားသလို လက်နက်တချို့လည်း တပ်ဆင်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ရရှိပြီးသားလက်နက်တွေလည်းရှိပါတယ်။ တချို့တွေကိုနေရာချထားပြီးသားရှိသလို တချို့တွေကိုလည်း နေရာချထားဆဲ ဖြစ်ပါတယ်ဗျာ။ သို့သော် လက်နက်ဆိုတဲ့ နေရာမှာတော့ တစ်ခါထဲတန်းပြီးတော့လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ကိုမြင်ရတာနဲ့ ပစ်ချနိုင်တယ်ဆိုတာမျိုးတော့လည်း မဟုတ်ဘူးပေါ့။ သူ့မှာတော့ အကန့်အသတ်တော့ ရှိတယ်။ ဒါပေမယ့် စစ်ကောင်စီရဲ့လေကြောင်းရဲ့တိုက် ခိုက်မှုကိုလည်း အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်တဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လေကြောင်းရန် တုံ့ပြန်ဖို့အတွက် ဘယ်လို လက် နက်တွေကို တပ်ဆင်ထားလဲဆိုတာကိုတော့ ဖြေဆိုဖို့ငြင်းဆန်ထားပါတယ်။CDM ဗိုလ်ကြီးအသိုင်းအဝိုင်းကတော့ NUG ရဲ့ လေကြောင်းရန် တုံ့ပြန်ရေး ဘတ်ဂျက်ငွေ ဒေါ်လာ ၈ သိန်းဟာ လုံလောက်တဲ့ ပမာဏမဟုတ်ဘူးလို့ ထောက်ပြတာပါ။

NUG က လေကြောင်းရန်တုံ့ပြန်ဖို့ ကန်ဒေါ်လာ ၈ သိန်း သုံးချိန်မှာ စစ်ကောင်စီက ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီလီယံ ၅၆၀၀ ကျော်အထိ တိုးမြှင့်သုံးစွဲလာတာ ဖြစ်ပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို နိုင်ငံတကာက ကန့်ကွက်ရှုတ်ချတာတွေ လုပ်ဆောင်ပေမယ့် လေကြောင်းတိုက်ခိုက်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုပြုလုပ်နေတာပါ။

စစ်တပ်အသိုင်း အဝိုင်းအဆိုအရ စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ်ကို လေကြောင်းအထူးစစ်ဆင်ရေးအဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။တဖက်မှာတော့ စစ်ကောင်စီဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၄ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားပြီး နိုင်ငံရဲ့သုံးပုံတစ်ပုံကျော်မှာလည်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့တစ်ကျော့ပြန်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ၁ ဒဿမ ၅ သန်းနီးပါးရှိလာပြီလို့ ဧပြီ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.