ရေး၊ ဧပြီ(၃၀)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကျုံပေါကျေးရွာထိပ်ရှိ စစ်ကောင်စီသြဇာခံ ပြည်သူ့စစ် နဲ့ BGF ပူးပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာယုတောင်အုပ်ချုပ်ရေးမှူး ဦးလင်းဦး တာဝန်ယူထားတဲ့ ပြည်သူ့စစ်နဲ့ BGF ပူးပေါင်းစစ်ဆေးရေးဂိတ်ကို ဧပြီ ၂၉ ရက်နေ့ မနက် ၇ နာရီလောက်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် ကရင်နယ်ခြားစောင့် BGF တပ်သား ၁ ဦး သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင် ၂ ဦးနဲ့ ဂိတ်ကြေးကောက်နေတဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ – ၅၈၆ အနီးရှိ အဲဒီစစ်ဆေးရေးဂိတ်ဟာ ခရီးသွားကားတွေနဲ့ ကုန်တင်ကားတွေကို လမ်းကြေးကောက်ခံနေတဲ့ ဂိတ်တစ်ခုဖြစ်သလို ဖွင့်ထားတာ မကြာသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကတော့ အဲဒီပစ်ခတ်မှုမှာ စစ်တပ်၊ ပြည်သူ့စစ်နဲ့ BGF တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သတင်းမီဒီယာတချို့ကို ဖြေဆိုထားပါတယ်။စစ်တပ်ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ ရေးဘီလူးအဖွဲ့ဟာ ဘုန်ကြီးယောင်ဆောင် သင်္ကန်းဝတ်ပြီး စစ်ဆေးရေးဂိတ်ကို လာရောက်တိုက်ခိုက်သွားတယ်လို့ ဝါဒဖြန့်တာတွေ ရှိနေတာပါ။

ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပါဘူး။

ရေးဘီလူးအဖွဲ့ဟာ ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း ရေးမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီ သြဇာခံ ပြည်သူ့စစ်ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပြည်သူ့စစ် ၁ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သလို ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦးကိုလည်း အရှင်ဖမ်းမိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.