မြဝတီ၊ ဧပြီ(၃၀)

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ကျောက်တောင်ဒေသတစ်ဝိုက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးမျိုးစုံနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီကနေ သိရပါတယ်။

ဧပြီ(၂၈)ရက်နေ့ ည(၁၀)နာရီခွဲအချိန်ကစပြီး KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မဲကနယ် ကျောက်တောင်ဒေသ ပတ်ဝန်းကျင်တစ်ဝိုက်မှာ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟောင်ဝစ်ဇာ၊ အတွဲလိုက်ပစ်ဒုံးစတဲ့ လက်နက်ကြီးမျိုးစုံနဲ့ ညလုံးပေါက် ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တာပါ။

မဲကနယ်ကျောက်တောင် ဒေသတစ်ဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ကျေးရွာအတွင်းက ဒေသခံတွေရဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိနေတယ်လို့လည်း တော်လှန်ရေးအင်အားစုအဖွဲ့တွေက ပြောပါတယ်။

ဒီလိုစစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ရာမှာ ထိုင်းနိုင်ငံထုတ်လို့ယူဆရတဲ့ ထိုင်းစာသားတွေပါဝင်တဲ့ ဗုံးတွေပါဝင်နေပြီး စစ်ကောင်စီတပ်ဟာ မြေပြင်ထိုးစစ်မဆင်နိုင်တော့တာကြောင့် ပြည်သူလူထုအပေါ်ပစ်မှတ်ထားကာ ဘာသာရေးနဲ့ နေအိမ်အဆောက်အဦးတွေကို ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ(၆)နယ်မြေ မဲကနယ် ကျောက်တောင်ဒေသပတ်ဝန်းကျင်တွေမှာ ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းက နေစပြီး စစ်ကောင်စီ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့တို့ဟာ နယ်မြေစိုးမိုးရရှိနိုင်ရေးအတွက် မြေပြင် ဝေဟင်ထိုးစစ်တွေကို အပြင်းအထန်လုပ်ဆောင်နေတဲ့အတွက် KNLA တော်လှန် ရေးပူးပေါင်းအင်အားစုအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုဟာ ဧပြီလကုန်ပိုင်းအထိ ဆက်လက်တည်ရှိနေပါတယ်။

တစ်လနီးပါးကြာတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ BGF အဖွဲ့တွေဘက်က ထိခိုက်သေဆုံးမှုတွေ အများအပြားရှိခဲ့ပြီး လက်နက်ခဲယမ်းအများအပြားနဲ့ စခန်းတွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်း ဆည်းရတာတွေရှိခဲ့ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုတချို့ ရှိခဲ့တာပါ။

တိုက်ပွဲကြောင့် မဲကနယ်ကျေးရွာနဲ့ အခြားကျေးရွာတွေက ဒေသခံပြည်သူဦးရေထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘူးလို့ ကရင်လူမှုအဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Cobra Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.