ရန်ကုန် ၊ ဧပြီ (၃၀)
မြန်မာ့အရေးမှာ သက်ဆိုင်သူအားလုံးရဲ့ အကျုံးဝင်မယ့် ဆွေးနွေးမှုတွေဖော်ဆောင်ဖို့နဲ့ အမြင်သ ဘောထား ကွဲပြားမှုတွေကြားမှာ ညှိနှိုင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးတာတွေ ရှိနေတယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောပါတယ်။
အာဆီယံအလှည့်ကျဥက္ကဌလည်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာစစ်တပ်၊ အမျိုးသားညီညွတ် ရေးအစိုးရ NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးအတွက် ဧပြီ ၂၇ ရက်နေ့က အင်ဒိုနီးရှားသမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ အကြိုညှိနှိုင်းပြင်ဆင်တဲ့ အစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း အသိပေးပြောဆိုလာတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနဲ့ တွေ့ဆုံခဲ့မှုအပေါ် တရားဝင်ထုတ်ပြန်ထားတာ မရှိသေးသလို သံလွင်တိုင်းမ်အနေနဲ့ NUG ဝန်ကြီးချုပ်ရုံး ပြော ရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ထားပေမယ့် တစ်စုံတစ်ရာ အကြောင်းပြန်တာ မရှိသေးပါဘူး။
နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့တွေထဲက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကတော့ အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ကိစ္စကိုသာ ပိုမိုဆွေးနွေးကြတာလို့ အတွင်းရေးမှူး (၂)ဦးအောင်ဆန်းမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်တော်တို့အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရေးကိစ္စတွေမှာ အခြားနိုင်ငံတကာနဲ့ ကျွန်တော် တို့ ပြောဆိုတာမရှိဘူး။ တကယ်လို့ တွေ့ဆုံဆွေးနွေးရေးကိစ္စဆိုလို့ရှိရင် နှစ်ဖက်နိုင်ငံရေးဒိုင်ယာလော့ခ်လုပ်ဖို့ ကျွန်တော်တို့မှာ Preconditions တွေ (ကြိုတင်သတ်မှတ်ချက်တွေ) အများကြီးလိုသေးတယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီးလိုသေးတယ်။ အဲဒီတော့ ဒီနေ့အချိန်မှာ တွေ့ ဆုံဆွေးနွေးရမယ့် အချိန်ကာလမဟုတ်သေးဘူးဆိုတာကို ဒီလောက်က ကျွန်တော်တို့ ပြောတာရှိတယ်။ အဓိက အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာသံရုံးတွေနဲ့ တွေ့ဆုံတဲ့အခါမှာ ပြောတာဆိုတာက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးဖို့ စစ်ရှောင် ပြည်တွင်းဒုက္ခသည်တွေဆီ တိုက် ရိုက်ရောက်ရှိအောင် ဘယ်လိုလုပ်မယ်ဆိုတဲ့ နည်းလမ်းတွေကိုပဲ ပိုမိုပြီးဆွေးနွေးကြတာ များပါတယ်” လို့ သူက ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထား အခင်းအကျင်းအရ တွေ့ဆုံဆွေးနွေးနိုင်လောက်တဲ့ အ ခြေအနေ အချိန်အခါမျိုး မဟုတ်သေးသလို ဘယ်လိုအချက်တွေကို အခြေခံပြီး ဆွေးနွေးမယ်၊
ဘယ် လိုပုဂ္ဂိုလ်တွေ ပါဝင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေမရောက်ခင် အခြေအနေတစ်ရပ်ကို ပြောင်းလဲရမယ့်ဟာတွေ အများကြီးရှိသေးတယ်လို့ ဦးအောင်ဆန်းမြင့်က ထပ်ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တူညီတဲ့သဘောထား ချမှတ်နိုင်မှုမရှိတဲ့ အခြေအနေမှာ မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းဖို့ အာဆီယံကို မျှော်လင့်လို့မရဘူးလို့ သုံးသပ်ပါတယ်။
“အာဆီယံနိုင်ငံအနေနဲ့ တူညီတဲ့သဘောထား ချမှတ်နိုင်မှုအခြေအနေ မရှိတဲ့အောက်မှာ နိုင်ငံရေး ပြဿနာတွေ ဖြေရှင်းဖို့ဆိုတာ ကျွန်တော်တို့က အာဆီယံကို မျှော်လင့်လို့ မရပါဘူး။ ကုလသမဂ္ဂကိုလည်း မျှော်လင့်လို့ မရပါဘူး။ ပြောရရင် လက်ရှိအနေအထားက နိုင်ငံတကာအခင်းအကျင်းအောက်မှာ ဗမာပြည်ပြဿနာဖြေရှင်းရေး၊ နိုင်ငံရေးအရ ဖြေရှင်းရေးဆိုတဲ့ အဆင့်အထိ အခြေအနေ မပေးသေးပါဘူး။ တကယ်လို့ တရုတ်နဲ့ အမေရိကန်တို့ အကြား ဆက်စပ်ဆွေးနွေးမှုတွေ ရှိလာရင်တော့ သူတို့နှစ်ဦး တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခြေအနေရောက်မှ ဗမာပြည်ထဲမှာ ရှိတဲ့အင်အားစုတွေကို စားပွဲဝိုင်းပေါ် ရောက်လာအောင် ဖိအားပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်ခင်ဗျ” လို့ သူက ဆိုပါတယ်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီကတော့ မြန်မာ့အရေးဖြေရှင်းဖို့ မလွယ်ကူပေမယ့် အာဆီယံဥက္ကဌအနေနဲ့ နှစ်ဖက်စလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို အတတ်နိုင်ဆုံး လုပ်ဆောင်နေပြီး ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
လာမယ့် မေဒုတိယပတ်မှာကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးသွားမယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမဲ့ မြန်မာ့အကျပ်အတည်း ဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေဆုံးဖြတ်ထားတဲ့ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာ အစုအဖွဲ့တွေကြားမှာ ညှိနှိုင်းဆွေးနွေးဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့စတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကိုတော့ ၂ နှစ်ပြည့်တဲ့အထိတိုင် ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AFP