ရန်ကုန် ၊ ဧပြီ (၂၉)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုရုံးအပါအဝင် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာရှိတဲ့ ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက် ဖျက်ဆီးခံရမှု ၁၀၂ ကြိမ်အထိ ရှိလာတယ်လို့ စမ်းချောင်းမြို့နယ် NLD ပါတီ ဒုတိယဥက္ကဌ ဦးဘိုဘိုဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ အခုနှစ် ဧပြီအထိ NLD ပါတီရဲ့ ဗဟိုရုံးမှာ ၃ ကြိမ်၊ တိုင်းနဲ့ပြည်နယ်ရုံးတွေမှာ ၈ ကြိမ်၊ ခရိုင်ရုံးတွေမှာ ၅ ကြိမ်၊ မြို့နယ်ရုံးတွေမှာ ၆၆ ကြိမ်၊ ရပ်ကျေးရုံးတွေ မှာ ၂၀ ကြိမ်အထိ ဝင်ရောက်ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။တစ်ဖက်မှာလည်း NLD ပါတီကို စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ရက်အတွင်း လာရောက်မှတ်ပုံမတင်တဲ့အတွက်ဆိုပြီး နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ထားတာပါ။

နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ပြီးနောက် ကမာရွတ်မြို့နယ် NLD ရုံးခန်းရဲ့ ဆိုင်းဘုတ်ကို မတ် ၃၁ ရက်နေ့ မှာ အရပ်ဝတ်နဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ လာရောက်ဖြုတ်ယူသွားခဲ့သလို ဧပြီ ၇ ရက်နေ့ ညပိုင်းမှာလည်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်က NLD ရုံးကို စစ်ကောင်စီတပ်သားတွေပါတဲ့ လူအုပ်စုက လာရောက်ဖျက် ဆီးသွားခဲ့တာပါ။

ဒါ့အပြင် ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်မှာရှိတဲ့ NLD ပါတီရုံးကိုလည်း စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ တပ်သားအင်အား နှစ်ဒါဇင်ကျော်လောက်နဲ့ ဧပြီ ၂၅ ရက်နေ့ ည ၇ နာရီမှာ လာရောက်ဖျက်ဆီးသွားခဲ့ပါသေးတယ်။စမ်းချောင်းမြို့နယ် NLD ပါတီ ဒုတိယဥက္ကဌ ဦးဘိုဘိုဦးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပိုင်ဆိုင်မှုမှန်သမျှဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ဖြစ်တာကြောင့် ဒီလိုဖျက်ဆီးမှုဟာ ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဦးဘိုဘိုဦးကတော့ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆိုင်းဘုတ်တွေကို လာဖြုတ်တဲ့သူတွေက အကြမ်းဖက်သမားတွေရဲ့ လက်ဝေခံတွေပါပဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပိုင်ဆိုင်မှု မှန်သမျှဟာ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုပါပဲ။ ဒါကို သူတို့ လုပ်တာတွေအားလုံးက ရာဇဝတ်မှုတစ်ခုကို ကျူးလွန်နေခြင်းပဲ ဖြစ်ပါတယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အားကြီးတိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရပြီးနောက်ပိုင်း ရှမ်းပြည်နယ်မှာရှိတဲ့ ပါတီဆိုင်း ဘုတ်တွေဖြုတ်သိမ်းဖို့ ဖိအားပေးခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူစိုင်းလိတ်ထံ ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အ ဆက်အသွယ် မရသေးပါဘူး။

စစ်ကောင်စီက ဇန်နဝါရီ နောက်ဆုံးပတ်မှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းခဲ့ပြီး သတ်မှတ်ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသူတွေအနေနဲ့ လာရောက်မှတ်ပုံတင်ဖို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တာပါ။

တည်ဆဲပါတီ ၉၀ ကျော်ထဲက ပါတီ ၅၀ ဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ဖို့ မှတ်ပုံ တင်ခဲ့ကြပြီး ပါတီ ၄၀ ကိုတော့ မှတ်ပုံမတင်တဲ့အတွက် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်နောက်ဆုံးရက် မတ် ၂၈ ရက်နေ့မှာ ကြေ ညာခဲ့တာပါ။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပယ်ဖျက်ခံရတဲ့ နိုင်ငံရေးပါတီတွေရဲ့ ပါတီပိုင်ပစ္စည်းတွေကို နိုင်ငံတော်အစိုးရက သတ်မှတ်ပေးတဲ့ဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် သတ်မှတ်တဲ့ နည်းလမ်းအတိုင်း အပ်နှံရမယ်လို့ ဖော်ပြထားပါတယ်။

ဒါပေမယ့် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခံရတဲ့ NLD ပါတီရဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ ရုံးခန်းတချို့ကတော့ ဝင်ရောက်ကျူးကျော်ခံရပြီး ပါတီဆိုင်းဘုတ် ဖြုတ်ချခံရသလို ရုံးခန်းတွေလည်း ဖျက်ဆီးခံရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.