ရန်ကုန် – ဧပြီ(၂၉)

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်(၄) ရပ်ကွက် ရန်ကင်းလမ်းမှာရှိတဲ့ သမာအာဇီဝ ငွေကြေးလဲလှယ်ရေး ဝန်ဆောင်မှုလုပ်ငန်းကို သေနတ်အတုနဲ့ အနုကြမ်းဝင်စီးခဲ့တဲ့အမျိုးသားတစ်ဦး နေရာမှာတင် ဖမ်းဆီး ခံလိုက်ရတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ ဧပြီလ(၂၉) ရက်နေ့ နေ့လည်(၁) နာရီဝန်းကျင်က အမျိုးသားတစ်ဦးဟာ သေနတ် အတုနဲ့ ဓားအတိုတစ်ချောင်း ကိုင်ဆောင်ပြီး မန်နေဂျာဖြစ်သူကို ဓားထောက်ငွေတောင်း နေချိန်မှာ မန်နေဂျာက အရေးပေါ်အချက်ပေး ခလုပ်ကိုနှိပ်လိုက်တဲ့အတွက် ပတ်ဝန်းကျင်က လူတွေ ရောက်ရှိ လာပြီးနောက် ဖမ်းဆီးခံခဲ့ရတာပါ။

ဒီအနုကြမ်းစီးမှုနဲ့ ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ တစုံတရာ ရရှိခဲ့တာမရှိသလို ပြစ်မှုကျူးလွန်သူကို လည်း ချက်ချင်းဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ အနုကြမ်းစီ လုယက်ဖို့ ကြိုးစားခဲ့တဲ့ မြောက်ဥက္ကလာပ မြို့နယ်နေ စွမ်းရည်မောင် ဆိုသူကို သေနတ်အတု၊ ဓားအတိုတစ်ချောင်းနဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ သိရပါ တယ်။

ဖမ်းဆီးခံထားရတဲ့ စွမ်းရည်မောင်ဆိုသူရဲ့ လက်တလော အခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ် က ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Thamararziwa (Facebook)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.