ကန့်ဘလူ – ဧပြီ(၂၉)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ စစ်ကောင်စီကို သတင်းပေးခဲ့သူ (၄) ဦးကို ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိသူတွေဖြစ်တဲ့ ဦးသိန်းရွှေ(၅၃) နစ်၊ဦးချို(၆၁) နှစ်၊ဦးဇော်မင်း(၃၆) နှစ်နဲ့ ဒေါ်ယဉ်ယဉ်ဝင်း (၃၀) နှစ်တို့ ဖြစ်ပြီး သူတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၄ နဲ့အမှုဖွင့်လှစ်ထားတယ် လို့ ဆိုထားပါတယ်။

သူတို့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက် အောက်မှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိထားသူတွေကို စစ်ဆေးချက်တွေအရ စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ခေါင်းဆောင် ဉူးဝါသဝနဲ့ သတင်းပေးဖြစ်သူ ဒေါ်နွဲ့ယဉ်တို့(၂) ဦးလည်း အပါအဝင်ဖြစ်ပြီး သူတို့ကို ကန့်ဘလူမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က (ပ)၃/၂၀၂၃ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် တရားခံ (၆) ဦးကိုလည်း ကန့်ဘလူမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့စခန်းက (ပ) ၂/၂၀၂၃ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ – ၅၄ နဲ့ မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ပြီး အမှုဖွင့်ဆောင်ရွက်ထား တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့က ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးသူငယ်၊အမျိုးသမီးတွေအပါအဝင် ပြည်သူ (၁၆၈) ဦးသေဆုံးခဲ့ရတယ် လို့ NUG ကသတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOHI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.