ကျိုက်ထို၊ ဧပြီ(၂၉)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေမှာရှိတဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိပြီး လိုင်းခန်းတချို့ မီး လောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ပြောပါတယ်။
ဧပြီ ၂၇ ရက်နေ့ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်တဲ့ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်း၂ စီးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်း ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့သလို အမျိုးသမီးရဲမေတွေအတွက် ဆောက်လုပ်ထားတဲ့ ယာယီလိုင်းခန်းမှာလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုပြီးနောက် မီးလောင်နေတဲ့ လိုင်းခန်းကို မီးသတ်တပ်ဖွဲ့ဝင်တွေ မီးလာငြိမ်းစဉ် KNLA ပူးပေါင်းတပ်ဖွဲ့က ဒုတိယအကြိမ် ဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ဒရုန်း လာရာလမ်းကြောင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိဘူးလို့ KNLA ပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။ကင်မွန်းချောင်းနယ်မြေရဲစခန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၆ ကြိမ် တိုက်ခိုက်ခံထားရပြီး အခုတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီဘက်က အထိအခိုက်ပျက်စီးမှု များပြားခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ