နေပြည်တော် – ဧပြီ(၂၅)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုး ရ NUG အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အပြုသဘော ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ် ဆောင်ဖို့ စစ်ကောင်စီကို ဘန်ကီမွန်း တောင်းဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၂၃) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် စစ်ခေါင်းဆောင်တွေအနေနဲ့ အကြမ်းဖက်မှု ရပ်တန့်ရေး လမ်းကြောင်းကို ရှာဖွေဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားဖို့အတွက် အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဖို့ တောင်းဆို ခဲ့တာပါ။

“အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ စစ်တပ်ကို သတိပေးပြီး သက်ဆိုင်သူအားလုံးနဲ့ အပြုသဘော ဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ မြန်မာနိုင်ငံကို ကျွန်တော် လာခဲ့တာ” လို့ ဘန်ကီမွန်း ကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံသားတွေအတွက် ထိုက်တန်တဲ့ ငြိမ်းချမ်းရေး ၊သာယာဝပြောရေးနဲ့ လွတ်လပ်မှု ရရှိရေးတို့အတွက်လည်း တက်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ကုလအထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်းဟာ စစ်ကောင်စီရဲ့ ဖိတ်ကြား ချက်နဲ့ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးနောက် အာဆီယံ ဘုံသဘောတူညီချက်နဲ့ ကုလမသဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ လည်း တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ်က ပဇီကြီးကျေးရွာက အပြစ်မဲ့ အရပ်သားပြည်သူ (၁၆၀) ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ် ကိုနိုင်ငံတကာအနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ ဘန်ကီမွန်းက ပြောခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အခြေအနေရောက်မှသာ ရွေးကောက်ပွဲ ကျင်းပဖို့နဲ့ လက်ရှိအခြေအနေမှာ ရွေးကောက်ပွဲ ကျင်းပရင် အကြမ်းဖက်မှု၊ ကွဲလွဲမှုတွေနဲ့ ပိုမို အန္တရာယ်များစေနိုင်သလို ရွေးကောက်ပွဲကိုလည်း အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အသိ အမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဘန်ကီမွန်းရဲ့ ခရီးစဉ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေ၊ သမ္မတဟောင်း ဦးသိန်းစိန်တို့နဲ့ တွေ့ဆုံပြီးနောက် အကြမ်းဖက်မှုတွေရပ်တန့်ဖို့နဲ့ အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

Ref: The Elders

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.