နေပြည်တော်၊ ဧပြီ(၂၃)

စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတွေကို လစာနှုန်းထား တိုးမြှင့်ပေးမယ်ဆိုတဲ့သတင်းဟာ ကောလာဟလသာ ဖြစ်တယ်လို့ ဧပြီ ၂၂ ရက်နေ့ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ဖော်ပြပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေကို လစာနှုန်းထားတိုးမြှင့်ပေးမယ်ဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပျံ့နှံ့နေတဲ့ ကောလာဟလတွေကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

စစ်ကောင်စီ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်ရဲ့ ဖြေဆိုချက်အရ နိုင်ငံဘဏ္ဍာရေး အခြေအနေအရ ဝန်ထမ်းတွေကို လစာနှုန်းထား တိုးမြှင့်ပေးဖို့ မရှိသေးဘူးလို့ ဖြေကြားထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတစ်ဦးကတော့ ပြီးခဲ့တဲ့နှစ်က စစ်ခေါင်းဆောင်နဲ့တွေ့ဆုံစဉ် နိုင်ငံ့ဝန်ထမ်းတွေကို လက်ရှိအခြေအနေအရ ခေတ်ကာလနဲ့လျှော်ညီတဲ့ လစာနှုန်းထားတွေ တိုးမြှင့်ပေးမယ်လို့ ပြောဆိုဖူးတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရင်ကလည်း CDM ဝန်ထမ်းတွေ ပြန်ဝင်လာဖို့အတွက် မူလရာထူးတာဝန်တွေအတိုင်း ထားရှိပေးမှာ ဖြစ်သလို လစာနှုန်းထားတွေလည်း တိုးမြှင့်ပေးမယ်ဆိုပြီး ဝန်ထမ်းအသိုင်းအဝိုင်းကြားမှာ ဝါဒဖြန့်ချီတာတွေ ရှိခဲ့ဖူးတယ်လို့လည်း သိရပါတယ်။

စီးပွားရေးလေ့လာသုံးသပ်သူ တစ်ဦးကတော့ နိုင်ငံဘဏ္ဍာရေး အခြေအနေအရ လစာနှုန်းထား တိုးမြှင့်ပေးဖို့ မရှိသေးဘူးလို့ ထုတ်ပြန်တာဟာ စစ်ကောင်စီလက်ထက် နိုင်ငံရဲ့ဘဏ္ဍာငွေ သိသိသာသာလျော့ကျလာတဲ့ အခြေအနေကို ပြသနေတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

နိုင်ငံ့ဝန်ထမ်းလစာတွေကိုတော့ အမှုထမ်း အငယ်တန်းဝန်ထမ်းတွေကို ကျပ် ၁၅၀၀၀၀ ကနေ အရာ ထမ်း ဝန်ထမ်း၊ ညွှန်ကြားရေးမှူးချုပ်အဆင့်အထိ ကျပ် ၅၅၀၀၀၀ အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Thi Ha Lwin

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.