မော်လမြိုင် – ဧပြီ(၂၂)

အစ္စလာမ်ဘာသာဝင်တွေရဲ့ တစ်လတာ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီးနောက် ပြုလုပ်ကျင်းပတဲ့ အီဒုလ်ဖိသိရ်ဝါကျွတ် အီးဒ်ပွဲတော်နေ့မှာ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်အပေါင်း စိတ်နှလုံးအေးချမ်းသာယာပြီး ဘေးကင်းပါစေကြောင်း ဆုတောင်းစကားပါးအပ်တယ်လို့ CRPH က သဝဏ်လွှာပေးပို့ထားပါတယ်။

ဒီနေ့ ဧပြီလ(၂၂) ရက်နေ့မှာ ကျရောက်တဲ့ အီးဒ်ပွဲတော်နေ့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) က ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။

ခေတ်အဆက်ဆက်မှာ ဘာသာရေးကို အကြောင်းပြပြီး ဘာသာဝင်တစ်စုနဲ့ တစ်ခုကြား အဓိကရုဏ်းတွေနဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတာဟာ စစ်အာဏာရှင်အစိုးရ အဆက်ဆက်က ဘာသာရေးကို နိုင်ငံရေး လက်နက်တစ်ခုသဖွယ် အသုံးချခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒါကြောင့် နွေဦးတော်လှန်ရေးရဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုင်ရာ ပြည်ထောင်စုရဲ့ စံတန်ဖိုးနဲ့ မျှော်ရည်ချက်တွေမှာ လူနည်းစုအခွင့်အရေး (Minority Rights)၊ စုံလင်ကွဲပြားမှုကို အပြန်အလှန် အသိအမှတ်ပြုခြင်း (Pluralism, Mutual Respect and Mutual Recognition)၊ သဟဇာတဖြစ်ခြင်းနဲ့ မတူကွဲပြားမှုကို လက်ခံသော ညီညွတ်ခြင်း (Unity in Diversity)၊ လူမျိုး၊ ကိုးကွယ်ရာ ဘာသာအားဖြင့် ခွဲခြားဆက်ဆံမှုမရှိခြင်း (Non-Discrimination) စတဲ့ စံတန်ဖိုးတွေကို ချမှတ်သဘောတူထားကြတာဖြစ်တယ်လို့ သိရပါတယ်။

ဘာသာရေးဆိုင်ရာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ကျင့်သုံးဆောက်တည်ပိုင်ခွင်ဟာ မည်သည့် လူပုဂ္ဂိုလ်၊အစုအဖွဲ့ရဲ့ လက်ဝေခံခွင့်ပြုပေးရမယ့် အခွင့်အရေးမဟုတ်ဘဲ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ CRPH ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

နိုင်ငံတဝှမ်းမှာရှိတဲ့ ပြည်သူအားလုံးကြုံတွေ့နေရတဲ့ ခေတ်စနစ်ဆိုးတွေကို အစ္စလာမ်ဘာသာဝင်တွေနဲ့အတူ အပြီးတိုင် တိုက်ထုတ်ကာ ငြိမ်းချမ်းတဲ့ လူ့အသိုက်အဝန်းကို တည်ဆောက်ရင်း မဝေးတဲ့ အနာဂတ်မှာ မိမိတို့ရည်မှန်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီကို အရောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CRPH

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.