ရန်ကုန် – ဧပြီ(၂၂)

အာဏာသိမ်းစစ်ကောင်စီက အဆိုတော်မေလသံစဉ်ကို ဆူပူရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ အရှေ့ဒဂုံရဲစခန်းမှာ ချုပ်ရက်ရမန်ယူထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၂၁) ရက်နေ့က ပဇီကြီးကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ပရိုဖိုင်ချိန်းထားတဲ့ မှတ်ချက်ရေးသားမှုတွေကြောင့် ဒဂုံမြို့သစ်အရှေ့ပိုင်မြို့မရဲစခန်းမှာ ချုပ်ရက်ရမန်ယူခဲ့တာ လို့ ဆိုပါတယ်။

အဆိုတော်မေလသံစဉ်ကို ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့က သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ပြီးနောက် အောင်သပြေစစ်ကြောရေးကို ပို့ဆောင်ကာ စစ်ကြောရေးလုပ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် က လက်လှမ်းမှီသလောက် ပြုစုထားတဲ့အချက်အလက်တွေအရ ပဇီကြီးဖြစ်စဉ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင်မေပန်းချီ၊ အဆိုတော် ရွှေရည်သိန်းတန်၊ အဆိုတော် မေလသံစဉ်နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်က အသက်(၂၈) နှစ်အရွယ်အမျိုးသမီးတစ်ဦး ကိုစစ်ကောင်စီက ဖမ်းဆီးထားတာဖြစ်ပါတယ်။

ဒါ့အပြင် လူမှုကွန်ရက်စာမျက်နှာမှာ မှတ်ချက်ရေးသားခဲ့တဲ့ သတင်းစာဆရာ ဦးကျော်မင်းဆွေနဲ့ သတင်းထောက် ကိုဝေလင်းတို့ကိုလည်း ဖမ်းဆီးထားပြီး သူတို့ အားလုံးကို ပုဒ်မ ၅၀၅-က နဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

အခုလို အနုပညာရှင်တွေနဲ့ သတင်းသမားတွေဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရုပ်ရှင် အစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ စစ်ကောင်စီဖွဲ့စည်းပေးထားတဲ့ သတင်းမီဒီယာကောင်စီတွေကို သံလွင်တိုင်းမ်အနေနဲ့ သဘောထားမှတ်ချက်တောင်းခံဖို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဧပြီလ(၁၁) ရက်နေ့မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် လူဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်ကြောင့် ဝေဖန်မှုတွေမြင့်တက်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.