မော်လမြိုင်၊ ဧပြီ(၂၂)

မြန်မာပြည်တွင်းပဋိပက္ခတွေ အမြန်ဆုံးအဆုံးသတ်နိုင်ရေးတို့အတွက် ညီနောင် EAO တွေအပါအဝင် နိုင်ငံရေးအင်အားစုတို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ကာ တိုင်းပြည်ရဲ့အကျပ်အတည်းတွေကို အ တူတကွ ဖြေရှင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ အပစ်ရပ်အဖွဲ့ PPST က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဧပြီ ၂၀ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင် ရာ သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ အပစ်ရပ်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးပြီး သဘောထားကြေညာချက် ထုတ်ပြန်လိုက်တာပါ။

PPST က ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ပဋိပက္ခတွေကို လျှော့ချဖို့နဲ့ အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုကြောင်းနဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် ပဋိပက္ခမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ သက်ဆိုင်သူအားလုံး ဝိုင်းဝန်းဆွေးနွေး အဖြေရှာကြဖို့ အလေးနက်တိုက် တွန်းကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဖြေရှင်းရေးအပေါ် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအပါအ ဝင် နိုင်ငံတကာအစိုးရတွေ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ အာဆီယံအထူးကိုယ်စားလှယ်တို့ရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ လက်ရှိနိုင်ငံရေးရဲ့ လက်တွေ့လိုအပ်ချက်တွေနဲ့အညီ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ PPST က ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ဧပြီ ၁၁ ရက်နေ့က စစ်အုပ်စုရဲ့ကျူးလွန်ခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှာ အရပ်သားအများအပြား သေဆုံးဒဏ်ရာရရှိခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာစေတဲ့ မည်သည့်အင်အားသုံး တိုက်ခိုက်မှုမျိုးကိုမဆို မိမိတို့အနေနဲ့ ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်တာပါ။

တဆက်တည်း PPST အနေနဲ့ NCA ရဲ့ အနှစ်သာရ ၃ ချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေး၊ အရပ်သားတွေကို အကာအကွယ်ပေးရေးစတဲ့ မူတွေအပေါ် ခိုင်မာစွာရပ်တည်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေး ဆက်လက်အားထုတ်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ- NCA_S EAO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.