ရန်ကုန် – ဧပြီ(၂၂)

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် အောင်ရတနာဆေးရုံးနားမှာ စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းတွေမှာဖော်ပြထားပါတယ်။

ဒီနေ့ ဧပြီလ(၂၂) ရက်နေ့ နေ့လည် (၂) နာရီဝန်းကျင်မှာ ရွေးကော်ရုံး ဒုညွှန်ချုပ် ဦးစိုင်းကျော် ဟာ သူ့ရဲ့ဇနီးဖြစ်သူကို ဆေးခန်းပို့ပြီး ပြန်လာချိန်မှာပစ်ခတ်ခံရတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဝေဇယန္တာလမ်းပေါ် (၁၆) လမ်းဆုံအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး လည်ပင်း၊ ယာနားနောက်၊ ချိုင်းအောက် နဲ့ လက်တွေမှာ ကျည်ထိဒဏ်ရာ(၅) ချက်ရရှိခဲ့ပြီး သင်္ယန်းကျွန်း စံပြဆေးရုံကို ပို့ဆောင်စဉ်သေဆုံးသွားခဲ့ကာ ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ ကျည်ခွံ(၁၂) ခုတွေ့ရှိ ထားတယ်လို့ သိရပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်အနေနဲ့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး အတည်ပြုချက်ရယူချိန်မှာ ပစ်ခတ်ခံခဲ့ရတာ သေချာတယ်လို့ ဖြေဆိုခဲ့ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင် ဒုညွှန်ချုပ် ဦးစိုင်းကျော်ကို ဘယ်အဖွဲ့က ရှင်းလင်းခဲ့တယ် ဆိုတောကိုတော့ ထုတ်ပြန်ထားတာမရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.