မော်လမြိုင်၊ ဧပြီ(၁၃)
ပြည်သူတွေကို နည်းမျိုးစုံသုံးပြီး အကြမ်းဖက်ဖိနှိပ်ညှဉ်းပန်းသတ်ဖြတ်နေတဲ့ စစ်ကောင်စီဦးဆောင်ကျင်းပတဲ့ သင်္ကြန်ပွဲတော်ကို လူသားချင်းစာနာမှုနဲ့ ပါဝင်သွားမှာမဟုတ်ဘူးလို့ မော်လမြိုင်မြိုခံတွေက ပြောဆိုလိုက်ပါတယ်။
မွန်ပြည်နယ်စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် မော်လမြိုင်ကမ်းနား လမ်းတလျှောက်မှာ ဗဟိုမဏ္ဍပ်၊ ဖျော်ဖြေရေးမဏ္ဍပ်နဲ့ ရေကစားမဏ္ဍပ်တွေကို ငွေကျပ်သိန်းပေါင်းများစွာ ကုန်ကျခံပြီး ပြင်ဆင်ထားတာပါ။
ဒါ့အပြင် ဗဟိုမဏ္ဍပ်မှာဖျော်ဖြေဖို့အတွက် မြန်မာပြည်သိန်းတန်အပါအဝင် အဆိုတော်တချို့ကိုလည်း ငှားရမ်းထားသလို မော်လမြိုင်ရာမညပန်းခြံမှာလည်း လမ်းလျှောက်သင်္ကြန် ထည့်သွင်းကျင်းပသွားဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ မြို့ပြအပြင် ကျေးလက်နေပြည်သူတွေကို ရက်ရက်စက်စက်ဖိနှိပ်ကာ သင်္ကြန်ကိုစည်ကားအောင်လုပ်ပြီး နိုင်ငံတကာကိုချပြဖို့ လုပ်နေတဲ့အတွက် သူတို့ရဲ့သင်္ကြန်ပွဲတော်ကို ပါဝင်သွားမှာမဟုတ်ဘူးလို့ မော်လမြိုင်မြို့ခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီဟာကတော့လေ သင်္ကြန်ရယ်မှ မဟုတ်ဘူးပေါ့နော်၊ စကစကလူထုကို အတင်းအကျပ် ဖိနှိပ်တာ၊ ရက်ရက်စက်စက် ဖိနှိပ်တာပေါ့နော်၊ ဆိုတော့အဲဒီမှာမှ ကျေးလက်ကိုဆိုရင် မီးရှို့သတ်ဖြတ်ပြီး ဖိနှိပ်တယ်၊ မြို့ပြကိုဆိုရင် ဖမ်းဆီးတယ်။ အဲဒီတော့ စကစက ဒီလိုမျိုးသင်္ကြန်ကို စည်ကားအောင် အ တင်းအကျပ် လုပ်နေတာကတော့ နိုင်ငံတကာကိုပြဖို့ပေါ့နော်။ ဆိုတော့ရွေးကောက်ပွဲလည်း လုပ်ချင်တယ်။ ဒီတော့နိုင်ငံက တည်ငြိမ်နေပါပြီ၊ လူထုကိုသူတို့က ထိန်းချုပ်ထားနိုင်ပါပြီ၊ နိုင်ငံကြီးအေးချမ်းနေပါပြီဆိုတဲ့ ပုံစံကို သူတို့အယောင်ဆောင် ဖန်တီးဖို့ပေါ့လေ။ ဆိုတော့စကစက စီစဉ်တဲ့မဏ္ဍပ်တွေမှာ သွားပြီးပျော်မှ မဟုတ်ဘူးပေါ့လေ။ ကိုယ့်အိမ်မှာကို အလှူလုပ်ချင်တာမျိုး၊ ဘာမျိုး ဒါမျိုးတွေလုပ်လို့ရတယ်။ လူငယ်တွေအနေနဲ့လည်း ပျော်ပါးလို့ရတယ်၊ ဒါပေမယ့် ဒီစစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ အချက်အလက်တွေ သူတို့ကို ထောက်ပံ့ပေးနေတဲ့ စီးပွားရေးတွေကိုတော့ ငြင်းဆန်ကြဖို့ တိုက်တွန်းချင်ပါတယ်”လို့ ဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့အတွက်ဆိုပြီး လုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို မဏ္ဍပ်တွေဆောက်လုပ်ခိုင်းခဲ့သလို သူတို့ကျင်းပတဲ့ သင်္ကြန်ပွဲတော် ပါဝင်လာဖို့အတွက် တစ်ဦးလျှင်ငွေကျပ် ၁၀၀၀၀နှုန်း ပေးဆောင်ပြီး စည်းရုံးတာတွေ လုပ်ဆောင်နေတာပါ။
မော်လမြိုင်မြို့ခံတစ်ဦးကလည်း စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်းကားအောင် လုပ်ဆောင်နေပေမယ့် သူတို့မဏ္ဍပ်တွေမှာ သွားရောက်ပျော်ရွှင်မှာမဟုတ်ကြောင်းနဲ့ ပြည်သူတွေရဲ့နာကျည်းမှုကြောင့် သင်္ကြန်ပွဲတော်စည်းကားမှာလည်း မဟုတ်ဘူးလို့ သူအမြင်ကို အခုလိုပဲပြောပါတယ်။
“သူတို့ဘယ်လောက် လုပ်လုပ်ပေါ့နော်။ ညီမတို့ဆိုလည်း သွားမှာမှမဟုတ်တဲ့ဟာကြီးကို။ ဒါပေမယ့် တချို့တွေကလည်း ပြောမရဘူး၊ တချို့တွေကျတော့လည်း သူတို့စိတ်နဲ့ သူတို့ဆိုတော့လည်း အဲဒီလိုမျိုးသွားတဲ့ လူလည်းသွားကြမှာပေါ့။ ကိုယ်တွေကတော့လည်း အိမ်မှာဘဲနေမှာပေါ့။ ဒါပေမယ့် မသွားကြဖို့တော့ မြင်တယ်။ အများအားဖြင့်ကတော့လေ၊ တူမှမတူနေတာဟာကြီးကို၊ ဝန်ထမ်းတွေတောင်မှပေါ့။ သူတို့ စကားကြားရတာလေ မသွားဘူးအဲဒီလိုမျိုး၊ သူတို့လည်း မဖြစ်မနေမို့လို့သာဘဲပေါ့၊ ဖြစ်မှာတော့မဟုတ်ပါဘူး၊ လူတွေက နာကျည်းနေတာ အကုန်လုံးကို”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီဘက်က အတင်းအကျပ်ဖိအားပေး တည်ဆောက်ခိုင်းထားတဲ့ မွန်ပြည်နယ် စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် သင်္ကြန်မဏ္ဍပ်မှာ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိထားတာ ဖြစ်ပါတယ်။
သင်္ကြန်မဏ္ဍပ်မှာ လက်လုပ်မိုင်းတွေ့ရှိပြီးနောက် စစ်ကောင်စီဘက်က သင်္ကြန်ပွဲတော်ကျင်းပမယ့် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းတချို့ကို ပိတ်ဆို့ထားသလို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားနဲ့ လုံခြုံရေးတိုးမြှင့်ထားတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။
တော်လှန်ရေးအင်အားစုတွေကတော့ မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီက စည် ကားအောင် ပြုလုပ်နေတာဟာ အတုအယောင်သာဖြစ်တဲ့အတွက် ပြည်သူတွေ ပါဝင်ဆင်နွှဲတာ မပြုလုပ်ကြဖို့နဲ့ တိုက်ပွဲပြင်းထန်တဲ့ဒေသတွေက ပြည်သူတွေကို စာနာပေးကြဖို့ တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Bo Bo Win