နေပြည်တော် ၊ မတ် (၃၁)
NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ စစ်ကောင်စီ ငြိမ်းချမ်းရေးကိုယ်စားလှယ်တို့ ဆွေးနွေးတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်း ဖြစ်နိုင်စရာမရှိဘူးလို့ နိုင်ငံရေးအကဲခတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောဆိုလိုက်ပါတယ်။
အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့နဲ့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီ ညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)တို့ မတ် ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့က နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
အဲဒီတွေ့ဆုံမှုမှာ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေး၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အဆင့်ဆင့်၊ ဖက်ဒရယ်အခြေခံမူတွေ၊ အရပ်သားများကာကွယ်ပေးရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအပါအဝင် တစ်ဖွဲ့ချင်းစီရဲ့ ဘုံသဘောတူညီချက်တွေ ရရှိနိုင်ရေးကိစ္စရပ်တွေကို တင်ပြခဲ့တယ်လို့ အပစ်ရပ် ၇ ဖွဲ့ကနေ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒေသတည်ငြိမ်ရေး၊ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးနဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြေခံကျတဲ့ပုဒ်မတွေပြင်ဆင်နိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးနဲ့ပတ်သက်ပြီး အကြေအလည်ဆွေးနွေးညှိနှိုင်းနိုင်တဲ့ အဆင့်မရှိသေးဘဲ အရင် ၂၁ ရာစု ပင်လုံညီလာခံ အခင်းအကျင်းနဲ့ အနှစ်သာရအရ ကွာခြားမှုရှိတယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အကြေအလည်ဆွေးနွေးညှိနှိုင်းနိုင်တဲ့အဆင့်တော့ မရှိဘူး။ ဆိုလိုတာက သူတို့ဘက်မှာ (NSPNC) လုပ်ချင်တဲ့ ငြိမ်းချမ်းရေးညီလာခံအပေါ်မှာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိတယ်၊ ဘယ်လိုအခင်းအ ကျင်းနဲ့ လုပ်ချင်တယ်ဆိုတာကို တဖက်ကတင်ပြတယ်။ ကျွန်တော်တို့ နားမလည်တာရှိရင် မေးမြန်းမှုတွေလုပ်တယ်။ အကြမ်းဖျင်းအနေနဲ့ ငြိမ်းချမ်းရေးညီလာခံဆိုတာက ကျွန်တော်တို့ အရင် NCA မှာ လုပ်ဆောင်ခဲ့တဲ့ NCA ယန္တယားအတိုင်း ပြည်ထောင်စုငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံနဲ့ကတော့ အခင်း အကျင်းအရသော်လည်းကောင်း အနှစ်သာရသော်လည်းကောင်း ကွာခြားမှုတွေ ရှိလိမ့်မယ်ဆိုတာ အကြမ်းဖျင်းမှတ်ယူလို့ ရပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာတော့ စစ်ခေါင်းဆောင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပါအဝင် သူတို့ကို ပံ့ပိုးပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) တချို့ကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ စစ်ကောင်စီ တပ်မတော်နေ့မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။
တရုတ်အခြေစိုက် မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်ကတော့ မြန်မာပြည်ရဲ့ ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်ပေါ် မူတည်နေပြီး စစ်ကောင်စီက အတိုက်အခံအဖွဲ့အစည်းတွေအပေါ် ပြင်းထန်တဲ့ သဘောထားအောက်မှာ ငြိမ်းချမ်းရေးအလားလာ အတော်ဝေးတယ်လို့ သုံးသပ်ပါတယ်။
“ဗမာပြည်ရဲ့ ဒုက္ခအဖုံဖုံက ဒီစစ်အာဏာရှင်စနစ်ပေါ်မှာပဲ မူတည်တာ။ အခုခါစစ်ကောင်စီပေါ်မှာပဲပေါ့။ စစ်ကောင်စီက ပြင်းထန်တင်းမာတဲ့ သဘောထားအောက်မှာ ငြိမ်းချမ်းရေးအလားလာတော့ အတော်ဝေးတယ်လို့ ပြောလို့ရမှာပေါ့။ သို့သော်လည်း စကားပြောတဲ့သူတွေက ထည့်ပြောနေရမယ်။ ငြိမ်းချမ်းရေးဆိုတာ စစ်တိုက်လိုက်၊ ငြိမ်းချမ်းရေးပြောလိုက်ဖြစ်မှာပဲ။ အဲဒီတော့ စစ်ကောင်စီက သူ့ရဲ့အခြေခံစိတ်နေစိတ်ထားက ငြိမ်းချမ်း ရေးကို လိုကိုမလိုချင်ဘူး။ ဘာဖြစ်လို့လဲဆို ပြည်တွင်းစစ်ကြီးဖြစ်နေလို့ စစ်တပ်ကဒီလောက် ဩဇာရှိအာဏာရှိပြီး သူတို့ချမ်းသာချင်တိုင်း ချမ်းသာနေတာကိုး။ ဒါကြောင့် ပြည်တွင်းစစ်ရပ်ပြီး ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုတာ မဖြစ် နိုင်ဘူး။ ဒါပေမယ့်တစ်ဖက်ကလည်း ငြိမ်းချမ်းရေးကို တောင်းဆိုနေတဲ့အသံက ရှိဖို့လိုတာပေါ့”လို့ သူက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းမှုအလွန် ၂ နှစ်ကျော်ကာလအတွင်း ဒီမိုကရေစီနဲ့ဖက်ဒရယ်အရေးလှုပ်ရှားသူတွေအပေါ် စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုပြင်းထန်လာပြီး မတ် ၃၀ ရက်နေ့အထိ နိုင်ငံတဝန်း အရပ်သား ပြည်သူ ၃၁၈၀ ကျော် သတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ စစ်အုပ်စုပြောတဲ့ ငြိမ်းချမ်းရေးဟာ သူတို့လုပ်ရပ်နဲ့ မညီညွတ်ဘဲ ပြောနေတာဖြစ်လို့ လုပ်ရပ်ကို ကြည့်ဖို့လိုမယ်လို့ သံလွင်တိုင်းမ် ကို ပြောပါတယ်။
“တစ်ဖက်မှာ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးကို ပါးစပ်နဲ့တတွင်တွင် အသုံးချနေပြီးတော့ တစ်ဖက်မှာတော့ ပြည်သူတွေရော၊ တိုင်းရင်းသားတွေရော၊ လူမျိုးမရွေး ဘာသာမရွေး အသက်ကြီးငယ် မရှောင်၊ ကိုယ်ဝန်သည်ပါမချန် အကုန်လုံးကို ရက်ရက်စက်စက်သတ်ဖြတ်တဲ့ လုပ်ရပ်တွေကို လုပ်နေကြတဲ့ စစ်အုပ်စုဖြစ်တယ်။ ဒါကို ဒီလူတွေပြောတဲ့စကား ယုံကြည်ထိုက်ရဲ့လား၊ အလုပ်နဲ့စကား မညီညွတ်ဘဲ ပြောနေတဲ့ကိစ္စတွေကို ယုံကြည်ပြီး ကျွန်တော်တို့ဟာ စဉ်းစားသင့်သလားပေါ့။ ငြိမ်းချမ်းရေးဆိုတဲ့ သူတို့ပြောနေတဲ့ စကားကို ကျွန်တော်တို့ နားထောင်နေရုံမပြီးဘဲနဲ့ လုပ်ရပ်တွေကို ကြည့်ဖို့လိုမယ်လို့ မြင်ပါတယ်ဗျ”လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်း ချမ်းရေးဆွေးနွေးဖို့ စတင်ဖိတ်ခေါ်ရာမှာ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ် ၇ ဖွဲ့နဲ့ အပစ်ရပ်မထိုးတဲ့ ၃ ဖွဲ့တို့ တတိယကြိမ်နဲ့ စတုတ္တကြိမ်အထိ တက်ရောက်ဆွေးနွေးထားကြတာပါ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ဦးဆောင်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ် လာရောက်နိုင်ဖို့ တပ်မတော်အနေနဲ့ အစဉ်အမြဲ တံခါးဖွင့်ပေးလျက်ရှိတယ်လို့ ထပ်မံဖိတ်ခေါ်နေတာပါ။
စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ပြောခွင့်ရ ဆလိုင်းထက်နီကတော့ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ စစ်ကောင်စီကနေ ငြိမ်းချမ်းရေးစကားပြောနေတာဟာ နိုင်ငံတကာထောက်ခံမှုနဲ့ နိုင်ငံရေးထွက်ပေါက်အတွက်ဖြစ်ပြီး လက်ခံနိုင်စရာမရှိဘူးလို့ တုံ့ပြန်ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအောက်ကနေ ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်တယ်။ အဲဒါတွေကို ကျွန်တော်တို့ က လက်မခံတော့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း လက်မခံတော့ဘူး။ အဲဒါကြောင့် သူဖိတ်ကြားတဲ့ ငြိမ်းချမ်း ရေးဆွေးနွေးပွဲဆိုတာကလည်း အထက်စီးကနဲ့ သူ့ရဲ့ဘောင်ထဲကို ဝင်နိုင်အောင်လုပ်နေတယ်။ နိုင်ငံတကာရဲ့ထောက်ခံမှုတွေ ရနိုင်အောင် နောက်ပြီးသူ့ရဲ့နိုင်ငံရေးထွက် ပေါက်အတွက် ငြိမ်းချမ်းရေးစကားတွေ ပြောနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ လက်ခံနိုင်စရာ အကြောင်းမရှိဘူး”လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးမှာ အင်တိုက်အားတိုက် လက်နက်ကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ နိုင်ငံအနှံ့ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတာပါ။
ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အချက်အလက်တွေအရ စစ် တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ၂ နှစ်ကျော်ကာလအတွင်း ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၁ ဒဿမ ၄ သန်းနီးပါးရှိလာပြီလို့ မတ် ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI