“စစ်အာဏာသိမ်းပြီးတည်းက ကျွန်တော်တို့ မြန်မာပြည်အခြေအနေမှာ အားလုံးသိတဲ့အတိုင်း အစိုးရဆိုတာ မရှိတော့ဘူး။ ထိန်းကျောင်းတဲ့စနစ်၊ အရေးယူဆောင်ရွက်မှုဆိုတဲ့ဟာတွေ မရှိတော့ဘူး။ အဲဒီအနေအထားမျိုးမှာ ဘယ်သူတွေသည် ဒီလို မျိုးတွေမှာဝင်လာကြလဲဆို မြစ်တွေပေါ်မှာ အရင်တည်းကအမြတ်ထုတ်လိုတဲ့ အကြီးစားစီးပွားရေး လုပ်ငန်းရှင်တွေရှိတယ်”

ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့ (KRW) ပြောခွင့်ရ စောသာဘိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

စစ်အာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်း မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ပိုမိုများပြားလာသလို အရေးတယူဆောင်ရွက်တဲ့ ယန္တရားတွေ ယိုယွင်းပျက်စီးလာတယ်လို့ ကရင် မြစ်ချောင်းများ စောင့်ကြည့် ရေးအဖွဲ့ Karen Rivers Watch က မတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် မြစ်ချောင်းတွေပေါ်မှာ တည်ဆောက်မယ့် အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေဟာ မြစ်ဝှမ်းဒေသရှိ သဘာဝပတ်ဝန်း ကျင်နဲ့ ပြည်သူတွေအတွက် ဆိုးကျိုးတွေရှိနေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် စစ်ကောင်စီ လက်ထက် မြစ်ချောင်းတွေရဲ့ သဘာ ဝပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေ၊ နိုင်ငံတကာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တွေကို တိုက်တွန်းတဲ့ အကြောင်းအ ရင်းတွေအပါအဝင် ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်မြစ်ချောင်း များစောင့်ကြည့်ရေး အဖွဲ့ (KRW) ပြောခွင့်ရ စောသာဘိုးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကရင်ပြည်နယ်အတွင်း မြစ်ချောင်းတွေရဲ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေ ဘယ်လိုရှိလဲ။

စစ်အာဏာသိမ်းပြီးတည်းက ကျွန်တော်တို့ မြန်မာပြည်အခြေအနေမှာ အားလုံးသိတဲ့အတိုင်း အစိုးရဆိုတာ မရှိတော့ဘူး။ ပြီးတော့ ထိန်းကျောင်းတဲ့ စနစ်တွေမရှိတော့ဘူး။ အရေးယူဆောင်ရွက်မှုဆိုတဲ့ဟာတွေ မရှိတော့ဘူး။ မရှိတော့တဲ့အနေအထားမျိုးမှာ ဘယ် သူတွေသည် ဒီလိုမျိုးတွေမှာဝင်လာကြလဲဆို မြစ်တွေပေါ်မှာ အရင်တည်းကအမြတ်ထုတ်လိုတဲ့ အကြီးစားစီးပွားရေး လုပ်ငန်း ရှင်တွေရှိတယ်။ တချို့အလတ်စားတွေ ရှိတယ်။ သူတို့တွေသည် မြစ်တွေပေါ်မှာ၊ ရေအရင်းအမြစ်ပေါ်မှာ တချို့တွေသည် သတ္တုတူးဖော်မှုတွေ လုပ်ကြတာ ရှိတယ်။ တချို့တွေသည် ဆည်တွေလုပ်ဖို့အတွက် ကြိုးစားတာရှိတယ်။ ဒါတွေသည် မြင်သာ တာဖြစ်တယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီး မင်းအောင်လှိုင်အနေနဲ့ဆိုရင် ဘားအံမှာလာတယ်။ လာပြီး သူတို့တွေဆိုရင် ဟတ်ကြီးဆည်တည်ဆောက်မယ့် အကြောင်းကို ပြည်သူလူထုကိုပြောတယ်ပေါ့နော်။ ပြီးတာနဲ့ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး ဒေသခံတွ ေကတော့ ဘာမှမသိပဲနဲ့ ဒီစီမံကိန်းလုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ သုတေသ နနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေ၊ နိုင်ငံတကာပညာရှင် တွေကို ဌားပြီးတော့ လုပ်ဆောင်တဲ့အရာတွေကို ကြားရ တယ်။ တွေ့ရတယ်။ ဒါပေမယ့် ဒီဟာနဲ့ပတ်သက်ပြီးတော့ ရှင်းလင်းတိ ကျတဲ့ဟာမျိုးတွေကို ထုတ်ဖော် ပြောကြားတာ မရှိဘူး။ သို့သော်လည်း ဆည်စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုး သတင်းအချက် အလက်တွေကို မြေပြင်မှာ လာရောက်လုပ်ဆောင်တာတွေ တွေ့ရတယ်။

-KRW ရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ရဲ့ ထိုးစစ်ကြောင့် တောတောင်တွေထဲ ပုန်းအောင်းနေထိုင်ရတဲ့ ဒေသနေပြည်သူတွေ လူသားချင်းအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ပြောဆိုတာတွေလည်း တွေ့ရပါတယ်။ ဘာကြောင့် အခုလို ထုတ်ပြန်ဖြစ်တာလဲ။

ကျွန်တော်ထင်တယ်။ ကျွန်တော်တို့ ထုတ်ပြန်တဲ့ထုတ်ပြန်ချက်နဲ့တော့ ပတ်သက်မှုတော့ မရှိဘူးလို့ ကျွန် တော်ယူဆပါတယ်။ ပြီးတော့ လောလောဆယ်မှာတော့ စစ်ရေးကြုံနေရတဲ့ အနေအထားကတော့  ကျွန်တော် တို့ မြန်မာပြည်မှာသိတဲ့အတိုင်းပဲ စစ်အာဏာသိမ်းနှစ်နှစ်လောက်မှာ ကြိုက်တဲ့ဘက်ကနေ ပညာရေး၊ကျန်းမာ ရေး၊ လူမှုရေး ၊ဘာသာရေး ကြိုက်တဲ့ရှုထောင့်ကနေ ဘယ်လိုပဲကြည့်ကြည့် အဖက်ဖက်မှာ နိမ့်ဆင်းသွားနေ တယ်။ ကျဆင်းနေတာ တွေ့ရတယ်။ ဒီတော့ ကျွန်တော်တို့ ကရင်ပြည်နယ်မှာတော့ အခုမှ မဟုတ်ဘူးပေါ့ နော်။ ဒီဆည်စီမံကိန်းတည်ဆောက်ဖို့အတွက် ၂၀၁၃တည်းကစ ကြေငြာတယ်။ ၂၀၁၂လောက်တည်းက ဟတ်ကြီးဒေသမှာရှိတဲ့ လူတွေသည် အခုလိုအလားတူ လက်ရှိမြန်မာပြည်မှာ တစ်နိုင်ငံလုံးကြုံတွေ့ရတဲ့ အလားတူအခြေအနေမျိုးကို ကြုံတွေ့ရတာ ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းမှာနေတာ ဒီနေ့အထိ မပြန်နိုင်သလို အခုထိလည်း စစ်ဘေးရှောင်နေရတဲ့အနေအထားတွေ လူထုတွေအများကြီး ဖြစ်ပါတယ်။ ဒီလူတွေကတော့ ဘာတွေလိုအပ်လဲဆို အခုချိန်မှာ ကျွန်တော်တို့ မြန်မာ ပြည်အနေအထားက စစ်ရှောင်နေရတဲ့ လူတွေအကုန်လုံး ရှိပါတယ်။ အခြေခံစားဝတ်နေရေးဆိုတာ ကျွန်တော် တို့ မျှော်လင့်လို့ မရတဲ့ အနေအထား အရမ်းခက်ခဲတာတွေ ကြုံရပါတယ်။ စားဝတ်နေရေးလိုအပ်တယ်။ အရေး ပေါ်ဆေးဝါးတွေ လိုအပ်တယ်။ ပြီးတော့မှ အမျိုးသမီးတွေ ကလေးတွေအတွက်ဆို သူတို့အတွက် လုံခြုံရေး တစ်နေ့တာ ကိုယ်ရေးကိုယ်တာ သုံးစွဲရတဲ့အရေးပေါ်ပစ္စည်းတွေ လိုအပ်တယ်။ ဒါဟာလက်ရှိ ရှင်သန်ဖို့ အ တွက်ကို ဒါတွေမဖြစ်မနေ ကျွန်တော်တို့ လိုအပ်နေပါတယ်။ ပြီးတော့မှ ဒီလိုမျိုးအနေအထားပေါ်မှာလည်း အရင်ကတော့ ပြည်သူလူထုတွေရဲ့ ရန်ပုံငွေတွေ လှူဒါန်းမှုတွေနဲ့ ရပ်တည်နေပေမယ့် ရေရှည်မှာ ခက်ခဲလာမှာ။ ဒီအခြေအနေမျိုးမှာတော့ နိုင်ငံတကာရဲ့ အကူအညီတွေ တိုက်ရိုက်ပါဝင်ပတ်သက်ဖို့ လိုပါတယ်။ နိုင်ငံတ ကာအကူအညီတွေလည်း စစ်မှန်တဲ့ လွတ်လတ်ပြီးတကယ်လုပ်နိုင်တဲ့ NGO တွေ ဒေသခံတွေနဲ့ ပူးတွဲလုပ် နိုင်တဲ့ အရပ်ဖက်အဖွဲ့စည်းတွေနဲ့ ပြီးတော့ ပြည်သူလူထုတွေဆီ တိုက်ရိုက်လုပ်ဆောင်ဖို့အတွက် တိုက်တွန်း ပါတယ်။ လက်ရှိအနေအထားကို ခုခံနိုင်မှာ ဖြစ်ပါတယ်။ ဒီအခြေအနေက တကယ်လိုအပ်နေတဲ့ အနေအထား ဖြစ်ပါတယ်။

-နောက်ဆုံးအနေနဲ့ စစ်ကောင်စီ လက်ထက် မြစ်ချောင်းတွေရဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုတွေ ပိုမို များပြားလာတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး KRW အနေနဲ့ ဘာတွေထပ်မံဖြည့်စွက်ပြောချင်ပါလဲ။

ကျွန်တော်တို့ထုတ်ပြန်ချက်မှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ တောင်းနေတာကို ဖော်ပြပြီးသားဖြစ်ပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ဖြည့်စွက်ပြောချင်တာကတော့ ဆည်တွေတည်ဆောက်တာကို ရပ်ဖို့လိုတယ်။ ရေအရင်းအမြစ်က ကမ္ဘာပေါ်မှာ တကယ်ရှားပါးတဲ့ ရတနာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာသာ ရေကိုသိပ်တန် ဖိုးမထားတာ။ ကမ္ဘာမှာ ရေကိုသက်ရှိတစ်ယောက်ကဲ့သို့ ဥပဒေတွေနဲ့ကာကွယ်ပေးပြီး ထိန်းသိမ်းစောင့်ရှောက် ကြတဲ့ အနေထားရှိပါတယ်။ ရေအရင်းအမြစ်သည် ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝ စားဝတ်နေရေး အသက်ရှင်ဖို့ မရှိမဖြစ်အရာဖြစ်တယ်။ နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် သုံးစွဲရမယ့်အရာဖြစ်တယ်။ လက်ရှိရေအ ရင်းမြစ်ကို ထိခိုက်ပျက်စီးစေမယ့်အရာကို လုပ်မယ်ဆိုရင် ရေအရင်းမြစ်တွေသည် ပျောက်ဆုံးသွားမယ်၊ ဆုံး ရှုံးသွားမယ်ဆို ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ ကိုယ့်ရဲ့အသက်ရှင်ရပ်တည်မှုကို ဖျက်ဆီးလိုက်တာနဲ့ အတူတူပဲ ဖြစ်တယ်။ ဒီလိုမျိုးမလုပ်မိအောင် ဒါကိုသတိမူဖို့ အရေးကြီးပါတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။ မြစ်တွေ သည် စားစရာတွေဖန်တီးပေးပြီး မြစ်တွေမှာရှိတဲ့ ငါးတွေက ဒေသခံလူထုတော်တော်များများရဲ့ တစ်နေ့တာ အသက်ရှင်ရပ်တည်ဖို့ စားဝတ်နေရေးအတွက် ဖန်တီးပေးတယ်။ ငါးတွေကိုစားတယ်။ ရေပေါ်မှာစိုက်ပျိုးရေးလုပ်တယ်။ ဒါတွေသာမရှိရင် ဒေသခံ ပြည်သူလူထုတွေ ဘယ်သူမှ ရှင်သန်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့နိင်ငံသည် နည်းပညာတွေနဲ့ နေထိုင်ရှင်သန်တဲ့ တိုင်းပြည်မဟုတ်ပါဘူး။ သယံ ဇာတကို မှီခိုတဲ့တိုင်းပြည်ဖြစ်ပါတယ်။ ဒီအရာတွေကိုဖျက်ဆီးလိုက်ခြင်းဟာ ကျွန်တော်တို့ ဘဝအသက် အိုးအိမ်ကို ဖျက်ဆီးလိုက်တာ ဖြစ်ပါတယ်။ ပြီးတော့မှ ဒီအရာဖျက်ဆီးလိုက်ပြီဆိုရင် ကျွန်တော်တို့ရဲ့ နောင် လာမယ့် မျိုးဆက်သစ်တွေသည်လည်း သူတို့အတွက်ရှင်သန်ဖို့ ခက်ခဲမှာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.