နယူးယောက် – မတ်(၁၇)
အာဏာသိမ်းစစ်တပ်ရဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်နေတာဟာ လူ့အခွင့် အရေးချိုးဖောက်မှု သက်သက်မဟုတ်တော့ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်ရာ ရောက်ပြီး လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ပြစ်မှုနဲ့ စစ်ရာဇဝတ်မှုမြောက်တယ်လို့ သံအမတ် ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၁၆) ရက်နေ့က ပြုလုပ်တဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ အခြေအနေနဲ့ ပတ်သက်ပြီး တင်ပြတဲ့ အလွတ်သဘော အစည်းအဝေးမှာ အခုလို ပြောခဲ့တာပါ။
စစ်ကောင်စီဟာ မတ်လအတွင်း စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ တာတိုင်ရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ် နမ်းနိန့်ရွာတို့မှာ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ကျူးလွန်ခဲ့တယ်လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
အာဏာသိမ်းခံထားရတဲ့ (၂) နှစ်ကျော်အတွင်း ပြည်သူတွေဟာ အဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခတွေ ဟာ တခြားနေရာ ဒေသတွေမှာဖြစ်ပွားနေတဲ့ အခြေအနေတွေထက် မလျော့နည်းဘူးလို့လည်း ဆိုခဲ့ပါတယ်။
ပြည်သူတွေကို ဆိုးရွားစွာ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လက်ထဲကို လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီ ရောင်းချမှုနဲ့ ငွေကြေးစီးဆင်းမှုတို့ ဖြတ်တောက်ပေးတာ၊ ပြည်သူတွေဆီကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ထောက်ပံ့ပေးတာ မြန်မာဒုက္ခသည်တွေ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူတွေနဲ့ ကူညီရာမဲ့နေတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေမှာ အကာအကွယ်ပေးဖို့ကိုလည်း နိုင်ငံတကာကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် ပြစ်ဒဏ်ခတ်ခံရမှုက ကင်းလွတ်နေတဲ့ စစ်တပ်ကို အရေးယူပေးဖို့နဲ့ ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာ ရာဇဝတ်တရားရုံးကို အမှုတင်သွင်းဖို့နဲ့ ယာယီခုံရုံးဖွဲ့စည်းပြီး ပြစ်ဒဏ်ချမှတ်ပေးဖို့ ဦးကျော်မိုးထွန်းက တောင်းဆိုခဲ့ပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီက ပြည်သူတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု (၆၄) ကြိမ် ကျူးလွန်ထားပြီး အဲဒီဖြစ်စဉ်တွေကြောင့် ပြည်သူ (၇၆၆) ဦးသေဆုံးထားတယ်လို့ NUG လူ့ အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်