ဌေးဝင်း
*****
စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲ တလျှောက်လုံးတွင် ကျောင်းသားများသည် အမြဲတမ်း ရှေးဆုံးမှ ပါဝင်လာခဲ့ကြသည်ချည်း ဖြစ်ရာ နဝတ နအဖ အစိုးရ ခေတ်များတွင် ကျောင်းသားများကို မစုစည်းရ လေအောင် ဖြိုခွဲသည့် နည်းလမ်းသစ် အဖြစ် ကျောင်းများကို မြို့နှင့်ဝေးရာသို့ ပြောင်းပစ်ခြင်းကို အဓိကပြုလုပ်ခဲ့သည်။ ထို့ကြောင့် နာမည်ကျော် ရန်ကုန် စက်မှုတက္ကသိုလ်မှ ကျောင်းသားများကို ရန်ကုန်မှ မိုင်ပေါင်းများစွာ ဝေးရာ ပဲခူးတိုင်း ပြည်ခရိုင် ပြည်-ပေါက်ခေါင်းလမ်းမပေါ်ရှိ လယ်ကွင်းထဲသို့ ပို့ပစ် လိုက်လေသည်။ ကျောင်း၏နာမည်မှာလည်း ပြည်နည်းပညာတက္ကသိုလ်ဟု ဖြစ်လာလေသည်။
ထိုနှစ်ကား နှစ်ဆယ်ရာစုနှစ်ကုန်ဆုံးသော သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ပင် ဖြစ်၏။ ထိုနှစ်သည် ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် ကျဆုံးခဲ့သော စက်မှုတက္ကသိုလ် ကျောင်းသား ကိုဘုန်းမော် ကျဆုံးခြင်း ဆယ့်သုံးနှစ် ပတ်လည်နှင့်လည်း တိုက်ဆိုင်နေပေသည်။ ကိုဘုန်းမော်ကျဆုံးခြင်း ဆယ့်သုံးနှစ်မြောက်ကို ဂုဏ်ပြုသည့် အနေဖြင့် ကဗျာ ဆယ့်သုံးပုဒ် စပ်ဆိုကာ ကဗျာစာအုပ်တစ်အုပ်ကို စောမင်းထိုက်ကျော်သည် သူ့သူငယ်ချင်း ငါးယောက်နှင့်အတူ ထုတ်ဝေခဲ့ကြသည်။ ထို့ပြင် ထိုနေ့တွင် ကျောင်းဝင်းအတွင်း လှည့်လည် စီတန်း ဆန္ဒပြကြရန်လည်း စီစဉ်ကြသည်။ ကျောင်းသား ကျောင်းသူတိုင်း အင်္ကျီ အဖြူ ဝတ်ဆင်လာကြရန်နှင့် ရင်ထိုး ဖဲကြိုးနက်ကလေး ဝတ်ဆင်လာကြရန် ဆော်ဩထားသည်။
ထိုလှုပ်ရှားမှုကြောင့် ပြည်နည်းပညာ တက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင် ဆယ့်သုံးယောက် ဖမ်းဆီး ထောင်ချခြင်းကို ခံခဲ့ရလေသည်။ အောက်တွင် ဖော်ပြထားသည့် အကြောင်းအရာ အဖြစ်အပျက်များမှာ စောမင်းထိုက်ကျော်၏ အတွ့အကြုံများပင် ဖြစ်ပါသည်။
၀၀၀၀၀၀၀၀ ၀၀၀၀
အင်းစိန် အကျဉ်းထောင်၏ တိုက်နံပတ် ၅ ၌ နိုင်ငံရေး အကျဉ်းသားက တခြား အကျဉ်းသားများထက် ပိုများ ၏။ ယင်းတို့ထဲတွင် ပြည် နည်းပညာတက္ကသိုလ် ကျောင်းသားလေးယောက်လည်း ပါဝင်သည်။ သူတို့မှာ စိုးမင်းနိုင် (ရခိုင်)။ ဇော်မျိုးထွန်း (ဘုန်းကြီး) နှင့် မျိုးမင်းလတ် (အော်ဂဲနစ်) နှင့် စောမင်းထိုက်ကျော်တို့ ဖြစ် ကြသည်။ အားလုံးမှာ ရင်းနှီးသော သူငယ်ချင်းများ ဖြစ်သလို အမှုတွဲများလည်း ဖြစ်ကြ၏။ စောမင်းထိုက် ကျော်မှာ ပြည် နည်းပညာ တက္ကသိုလ်မှ တတိယနှစ် ကျောင်းသား ဖြစ်သည်။
ဆယ်ပေပတ်လည်ခန့်သာ ရှိသည့် အခန်းကျဉ်းကလေးထဲတွင် လူ လေးယောက် နေရသည်မှာ အလွန် ကျပ် တည်း လွန်း၏။ ရေချိုးချချိန်မှာလည်း မနက်ပိုင်း မိနစ် သုံးဆယ် ညနေပိုင်း မိနစ် သုံးဆယ်ခန့်သာ ရရာ ကျန် နှစ်ဆယ့် သုံး နာရီလုံးလုံး ဤအခန်းကျဉ်းလေးထဲတွင် လှောင်ပိတ်ကာ နေရသည့် ဒုက္ခကား ကြီးမားလှပေ ၏။ လူလေးယောက် အတွက် သစ်သားကွပ်ပျစ် နှစ်ခုပေးထား၏။ ယင်းမှာ အကျဉ်းသားအတွက် အိပ်ရာ ကုတင်ပင် ဖြစ်လေသည်။ နှစ်ပေ ခွဲ လောက် ကျယ်ပြီး ခြောက်ပေလောက်ရှည်သည့် ထိုကွပ်ပျစ် တစ်ခု စီတွင် အကျဉ်းသား နှစ် ယောက် ကပ်ကာ အိပ်ရ သည်။ ထိုကွပ်ပျစ်နှစ်ခုကို အခန်း၏ နံရံတစ်ဘက်စီတွင် ထားရသည်။
သံတံခါးနှင့် တည့်တည့်တွင် ကျန်နေသည့် သမံတလင်း ကွပ်လပ်ကို သူတို့သည် အညောင်းပြေ အညာပြေ လမ်း လျှောက်ရန် အသုံးပြုကြ၏။ ခြေရင်းဘက်ရှိ ထောင့်တစ်နေရာကို အိမ်သာသုံးရန် အသုံးပြုရသည်။ လူလေးယောက် က တစ်နေ့တစ်နေ့ စွန့်ပစ်လိုက်သည့် ချီးနံ့ သေးနံ့များကလည်း အခန်းထဲတွင် နံဟောင် နေ၏။
အကျဉ်းထောင်ဆိုသည်မှာကား အကျဉ်းသားများကို စိတ်ပိုင်းရော ရုပ်ပိုင်းကိုပါ နည်းမျိုးစုံဖြင့် ညှဉ်းပန်း နှိပ် စက်ရာ နေရာဖြစ်၏။ မူလက ထောင်၏ ရည်ရွယ်ချက်မှာ လူဆိုး လူမိုက်များကို နောင် ပြစ်မှု မကျူးလွန်ဝံ့ စေရန် အပြစ်ပေးဖို့ တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ သို့သော်လည်း အာဏာပိုင်များသည် ထိုရည်ရွယ်ချက် လျစ်လျူရှု ကာ သူတို့၏ အာဏာကို ထိပါးသူ ဖီဆန်သူ မှန်သမျှကို ထောင်သွင်း အကျဉ်း ချခဲ့သည့် အစဉ်အလာမှာ ကိုလိုနီ ဗြိတိ သျှ ခေတ်မှသည် ယနေ့ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုး ရေး ကောင်စီ ခေတ်ထိတိုင် ဖြစ်သည်။ ကိုလိုနီ ခေတ်နှင့် လွတ်လပ်ရေး ရပြီးနောက် အုပ်ချုပ်ခဲ့သော မြန်မာ အစိုးရ ဖဆပလ ခေတ်တို့ တွင်ကား နိုင်ငံရေးအရ ဖမ်းဆီး ထောင်ချခံရသူများကို နိုင်ငံရေးအကျဉ်းသားဟု သတ်မှတ်ကာ A class B class အဆင့် ခွဲခြားပြီး နေစေသည်။
ထို့ကြောင့် ထိုခေတ်က နိုင်ငံရေးအကျဉ်းသား ဆိုသည်မှာ ယခုခေတ်နှင့် နှိုင်းစာမည်ဆိုပါက မိုးနှင့် မြေပမာ ကွာခြား လှသည်။ ဟိုတုန်းက နိုင်ငံရေးအကျဉ်းသားများမှာ အပြင်မှ ကိုယ်ကြိုက်ရာ စာအုပ်များကို မှာယူ ဖတ်ရှုနိုင်သလို စာ ရေးခွင့်လည်း ရှိသည်။ ထို့ကြောင့် သခင်စိုးတို့ ဗန်းမော်တင်အောင်တို့သည် ထောင်ကျခံ နေရင်း စာအုပ်များကို ရေး သားနိုင်ခဲ့ကြခြင်း ဖြစ်၏။ အစားအသောက်မှာလည်း ထောင်လက်စွဲ စာအုပ်တွင် ရေးသားထားသည့်အတိုင်း ထောင် အာဏာပိုင်များက တိတိကျကျ လိုက်နာကာ ကျွေးခဲ့သည်။ ထို့ကြောင့် မိသားစု ထောင်ဝင်စာ လာမတွေ့နိုင်လျှင်ပင် ရပ်တည်၍ ရနိုင်ပါသည်။
ယခုခေတ်ကား ထိုသို့မဟုတ်။ နိုင်ငံရေး အရ ဖမ်းဆီးထောင်ချခံရသူများကို နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ် ပေး ခြင်း မရှိ။ ဗိုလ်ချုပ် နေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ခေတ်ကတည်းက ယခင်က ရှိခဲ့ဖူးသည့် အဆင့် သတ် မှတ်ချက်များ ကျွေးမွေးခြင်းများ ဆက်ဆံခြင်းများ အားလုံးကို ပြောင်းပြန် လုပ်ပစ်ခဲ့သည်။ ဦးနေဝင်းခေတ်မှ စတင်ကာ ထောင်အာဏာပိုင်များသည် ယုတ်မာ ပက်စက်သည့် နှိပ်စက် ညှဉ်းပန်းခြင်း နည်းလမ်း မျိုးစုံကို အကျဉ်း ထောင်ထဲ တွင် ဖောဖောသီသီ အသုံးပြုခဲ့လေသည်။
မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် တက္ကသိုလ်ကျောင်းသားများသည် အာဏာပိုင်တို့၏ မတရားသည့် ပြုမူမှု မှန် သမျှကို အမြဲတမ်း ဆန့်ကျင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟု စတင် အုတ်မြစ်ချသည့် ၁၉၂၀ ခုနှစ်မှပင် ပ ထမ ကျောင်းသား သပိတ် ဖြစ်ပေါ်ခဲ့သည်။ ယင်းသပိတ်တွင် ပါဝင်ခဲ့ကြသည့် ကျောင်းသားကြီးများသည် မိမိတို့ တိုင်းသူ ပြည်သားများအတွက် အမျိုးသားရေး စိတ်ဓာတ်များ နိုးကြားလာစေရန် ရည်ရွယ်ကာ အမျိုးသား ကျောင်းများ တွင် ကျောင်းဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ကြ၏။
ယင်းအမျိုးသားကျောင်းများမှ ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမည့် မောင်ထိန်လင်းတို့ကဲ့သို့သော ကျောင်းသားများကို မွေးဖွားပေးနိုင်ခဲ့လေသည်။ ၁၉၃၆ ခုနှစ် ဒုတိယ ကျောင်းသားနှင့် ၁၉၃၈ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့သော တတိယ ကျောင်းသား သပိတ်တို့ကား နိုင်ငံရေးအသွင်ကို အပြည့်ဆောင်ပြီး အုပ်ချုပ်သူ ဗြိတိသျှ အင်္ဂလိပ် အစိုးရကို ပြောင် ပြောင်တင်းတင်း စိန်ခေါ်ဝံ့သည့် ကျောင်းသား ခေါင်းဆောင်များ ပေါ်ထွက်လာခဲ့၏။ ထို ဒုတိယနှင့် တတိယ သပိတ် တို့မှ ပေါ်ထွန်းခဲ့သော ကျောင်းသား ခေါင်းဆောင်များ အားလုံးသည် နောင်တွင် မြန်မာပြည် လွတ်လပ်ရေး တိုက်ပွဲ နှင့် လွတ်လပ်ရေးရပြီးနောက် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ပါဝင် ကပြ အသုံးတော်ခံခဲ့ကြသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်သည့် တော်လှန်ရေး ကောင်စီ အစိုးရ တက်လာပြီးနောက် ပထမဆုံး အာခံ အံတုခဲ့သည်မှာလည်း ရန်ကုန် တက္ကသိုလ် ကျောင်းသားများပင် ဖြစ်၏။ ထိုအချိန်က ယခုခေတ်ကဲ့သို့ တက္ကသိုလ်များကို တစ်စစီ ခွဲထုတ်မပစ်ဘဲ တစ်စုတစ်စည်းတည်း ထားရှိလေသည်။ ရန်ကုန် တက္တသိုလ်မှ ပင် ဘာသာရပ် မျိုးစုံကို သင်ကြားပို့ချပေး၏။
ဗိုလ်ချုပ်နေဝင်း အာဏာစယူခဲ့သည့် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဦးနု ဦးဆောင်သည့် ပြည်ထောင်စု အစိုးရ ထံမှ အာဏာကို သိမ်းယူလိုက်သည်။ နိုင်ငံရေးသမား မှန်သမျှကို ထောင်သွင်း အကျဉ်းချခဲ့သည်။ သူ့ကို ဆန့်ကျင် အာခံနိုင်သူ မှန်သမျှကို ဖမ်းဆီးသည်။ ကျူပင်ခုတ် ကျူငုတ် မကျန်စေရ ဆိုသော စကားပုံအတိုင်း နိုင်ငံရေး အရ အန်တု ဖက်ပြိုင်သူ မရှိရလေအောင် သုတ်သင် ရှင်းလင်းခြင်း ဖြစ်၏။
ထိုစဉ်က ရန်ကုန်တက္ကသိုလ်၌ ကျောင်းသားသမဂ္ဂ ရှိသည်။ ကျောင်းသား သမဂ္ဂ အဆောက်အဦလည်း ရှိသည်။ ကျောင်းသားများကား ဗိုလ်ချုပ်နေဝင်း အစိုးရ၏ မတရားသော အမိန့်အာဏာများနှင့် ရှေ့ ဖြစ်ပေါ်လာမည့် ခြေလှမ်း များကို ကောင်းစွာ ခန့်မှန်း သိမြင်ကြသည်။ ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင်ကလည်း ကျောင်းသားများအပေါ် မျက်မုန်း ကျိုး ဟန်တူသည်။ ထို့ကြောင့် ကျောင်းသားအပေါ် ဖိနှိပ်ချုပ်ချယ်ရန် ကျောင်းသားများ လက်မခံနိုင်သည့် စည်းကမ်း ဥပဒေများကို ချမှတ်သည်။
ထို့ကြောင့် ကျောင်းသားများက ခေါင်းငုံ့မခံဘဲ အာဏာဖီဆန်ကာ ဆန္ဒပြကြရာ ဗိုလ်ချုပ်နေဝင်းသည် စစ်တပ်ကို အသုံးပြုပြီး ကျောင်းသားများကို ပစ်ခတ် နှိမ်နင်းခဲ့သဖြင့် ဇူလိုင်လ ၇ ရက်နေ့( ဆဲဗင်း ဇူလိုင်) အရေးအခင်း ပေါ် ပေါက်ခဲ့ရသည်။ နောက်တစ်နေ့ဖြစ်သော ဇူလိုင်လ ၈ ရက်နေ့တွင် သမိုင်းတန်ဖိုး ကြီးမားလှသည့် ကျောင်းသား သမဂ္ဂ အဆောက် အဦကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့လေသည်။
ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်ခဲ့သည့် နှစ်ဆယ့် ခြောက်နှစ်တာ ကာလတစ်လျှောက်လုံး ရက်စက် တင်းကျပ်စွာ ဖိနှိပ် ချုပ်ချယ် အုပ်ချုပ်ထားသည့် ကြားမှပင် ကျောင်းသားများကား ရသည့်နည်းဖြင့် အာဏာဖီဆန် ဆန္ဒပြခဲ့ကြလေသည်။ ကျွန်းဆယ် အရေးအခင်း ဦးသန့်အရေးအခင်း အလုပ်သမား အရေးအခင်း နှစ်ပတ်လည်နေ့ မှိုင်းရာပြည့် အရေးအ ခင်းနှင့် ရှစ်လေးလုံး လူထု အရေးတော်ပုံတို့တွင် အသက်များ ဘဝများကို ပေးဆပ်ကာ ရှေ့ဆုံးမှ ခွပ်ဒေါင်း အလံကို စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြသည်။
ခေတ်အဆက်ဆက်တွင် အာဏာရှင်များကို ခေါင်းငုံ့မခံဘဲ ဆန့်ကျင် တော်လှန်ခဲ့ကြသော ကျောင်းသား ကျောင်းသူ များ အားလုံသည် ရှစ်လေးလုံး အရေးတော်ပုံ၌ တစ်ပါတီ အာဏာရှင် ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) အစိုးရကို အတူတကွ လက်တွဲကာ တိုက်ပွဲဝင်ခဲ့ကြသည်။
ရှစ်လေးလုံး အရေးတော်ပုံသည် မြန်မာ့သူမိုင်းတွင် ရာဇဝင်တွင်ရလောက်အောင် မြို့ရော တောပါ မကျန်ရအောင် ပါဝင်ခဲ့ကြသည့် လူထု အုံကြွမှုကြီးဖြစ်ခဲ့သော်လည်း စစ်ဗိုလ်ချုပ်ကြီးများ ဦးစီးသော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) ၏ မတည်သော ကတိများကြောင့် ပြည်သူလူထု မျှော်မှန်းခဲ့သည့် ဒီမိုကရေစီ ပန်းတိုင်သို့ မရောက်ရှိခဲ့ဘဲ တိုင်းပြည်သည် စစ်အာဏာရှင်များ လက်အောက်သို့ တဖန် ပြန်လည် ကျရောက်ခဲ့ရ လေ၏။
ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများသည် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဆက်လက် ဆင်နွှဲခဲ့ကြ ရပြန်လေသည်။ ၁၉၉၁ ခုနှစ်တွင် မြန်မာပြည်မှ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘာ့ ငြိမ်း ချမ်းရေး နိုဗဲလ် ဆုကို ချီးမြှင့်ခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်မှာ အိမ် အကျယ်ချုပ် ဘဝဖြင့် နေနေရ သည့် ကာလ ဖြစ်၏။ ငြိမ်းချမ်း နိုဗဲလ် ဆု ဆိုသည်ကား ကမ္ဘာပေါ်တွင် အလွန်တရာ ဂုဏ်သိက္ခာ ကြီးမြတ်သည့် ဆုဖြစ်၏။ ထို့ကြောင့် နဝတ စစ်အစိုးရ၏ အပြုအမူကို ဆန့်ကျင်သည့် အနေဖြင့်လည်းကောင်း ဒေါ်အောင်ဆန်းစုကြည် နိုဗဲလ် ဆု ချီးမြှင့် ခံရသည်ကို ဂုဏ်ပြုသည့်အနေဖြင့် လည်းကောင်း ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း၌ တက္ကသိုလ် ပေါင်းစုံမှ ကျောင်းသားများ စုရုံးကာ ဆန္ဒပြခဲ့ကြသည်။ ထိုအဖြစ်များ အားလုံးကား စောမင်းထိုက်ကျော် တက္ကသိုလ် မရောက်မီက ဖြစ်ပွားခဲ့ဖူး သော သူတို့ရှေ့က အစ်မတော် နောင်တော် များ၏ လှုပ်ရှားမှုများပင်ဖြစ်၏။
၀၀၀၀၀ ၀၀၀၀၀
၁၉၉၅ ခုနှစ်သို့ ရောက်သောအခါ သူလည်း တက္ကသိုလ်သို့ ရောက်လာသည်။ သူတက်ခွင့်ရသော ကျောင်းမှာ ရန်ကုန် စက်မှု တက္ကသိုလ် ဖြစ်၏။ မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ်နှင့် စက်မှု တက္ကသိုလ် ကျောင်းသား ဟူသည် မှာလည်း လူတွေကြားထဲတွင် တော်တော်လေး ဂုဏ်ရှိန်ကြီးသည့် သဘောရှိသည်။ ဆရာဝန် အင်ဂျင်နီယာ ဆိုသည့် လူတန်းစားကလည်း မြန်မာပြည်၏ အထက်တန်းစား ဂုဏ်သရေရှိ လူတန်းစား စာရင်းဝင်များပင် မဟုတ်ပါလား။ သို့ သော် အခြားတစ်ဘက်တွင် ရန်ကုန် စက်မှု တက္ကသိုလ်ကို စစ်အာဏာရှင်တို့က သူတို့ကို အလွန် အန္တရာယ်ပေး နိုင် သည့် ပညာတတ် မြို့ပြ သူပုန်များခိုအောင်းရာ နေရာအဖြစ် သတ်မှတ်ထားလေသည်။
မြန်မာနိုင်ငံ အနှံ့အပြားမှ ဆယ်တန်းအောင်စဉ်က ရမှတ် မြင့်မြင့်မားမား ရခဲ့ကြသူများ ဖြစ်သည့်အပြင် စာပေဗဟု သု တ ကြွယ်ဝသူကလည်း များသည့် ကျောင်းဖြစ်၏။ သမိုင်း နိုင်ငံရေး စသည့်ဘက်တွင်လည်း ပြတ်ကျန်နေသူများ မ ဟုတ်ကြသောကြောင့် မတရား ဖိနှိပ် ချုပ်ချယ် အုပ်ချုပ်နေသည့် စစ်အာဏာရှင် အစိုးရကို ဆန့်ကျင် ဖီဆန်သည့် ဆန္ဒပြပွဲတစ်ရပ်ကို ၁၉၉၆ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများ၌ ဆင်နွှဲခဲ့ကြရာ သူသည် နောင်တော်များ ထားခဲ့သည့် သမိုင်းအစဉ်အလာအတိုင်း တက်တက်ကြွကြွ ဝင်ပါခဲ့သည်။
ထို့ကြောင့် ကျောင်းများကို ရက်ရှည် ပိတ်ပစ်ခံလိုက်ရ၏။ ၁၉၉၈ ခုနှစ်တွင် ခေတ္တပြန်ဖွင့်ကာ ဖုတ်ပူ မီးတိုက် စာသင် ပေးပြီး အာဏာပိုင်များက စာမေးပွဲ စစ်ရန် စီစဉ်သည်ကို မကျေနပ်သဖြင့် ဆန္ဒပြခဲ့ကြပြန်သည်။ ထိုစဉ်ကလည်း သူ သည် တက်ကြွစွာပင် ပါဝင်ခဲ့လေသည်။
ထိုစဉ်က သူသည် သမိုင်းဝင်းအတွင်းရှိ ဒူးယားဆောင်တွင် နေရသည်။ သူသည် တော်လှန် ပုန်ကန်ရာတွင် ရာဇဝင် ရှိသည့် စက်မှု တက္ကသိုလ် ကျောင်းသား ဖြစ်သောကြောင့် နိုင်ငံရေးကို စိတ်ပါဝင်စားခြင်း သက်သက်မဟုတ်ချေ။ သူ့ ဖခင်မှာလည်း ထင်ရှားသော နိုင်ငံရေး ခေါင်းဆောင် တစ်ဦး ဖြစ်၏။ သူ့ဖခင်ဖြစ်သူ ဦးမန်းဂျော်နီမှာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းမှ ရွေးချယ် တင်မြှောက်ခြင်း ခံရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လွှတ် တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။
ထို့ကြောင့် စစ်အစိုးရ၏ ဖိနှိပ်ခြင်းကို အခြားကျောင်းသားများထက် ပိုမို ခံစား ရဖူးသူဖြစ်၏။ သူ့ဖခင်၏ နိုင်ငံရေး ရပ်တည်ချက်ကြောင့် သူ့မိခင်ဖြစ်သူမှာလည်း အလုပ်မှ ထုတ်ပယ်ခြင်းကို ခံရ သည်။ ထိုစဉ်က နိုင်ငံရေးသမား မိသားစုဝင်များမှာ ထောက်လှမ်းရေး၏ မျက်စေ့ ဒေါက်ထောက် စောင့်ကြည့်ခံရခြင်း နှင့် ထောင့်ပေါင်းစုံမှ ဒုက္ခပေးခြင်း အနှောင့်အယှက် ပေးခြင်းများကို ခံကြရလေသည်။
** အရင်က ရန်ကုန်ကို အင်္ဂလိပ်လို Rangoon ဟု ရေးသားခဲ့ကြသည်။ သို့သော်လည်း နဝတ အစိုးရ တက်လာသည့်အခါ Rangoon အစား Yangon ဟု ပြောင်းလဲ ရေးသားခဲ့လေသည်။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ် အတိုကောက်စကားလုံး RIT မှာလည်း YIT ဟု ပြောင်းလဲ သွားလေသည်။ နောက်ပိုင်းတွင် စက်မှုတက္ကသိုလ် အစား နည်းပညာ တက္ကသိုလ်ဟု ပြောင်းလဲ ပစ်လိုက်ရာ YIT မှ YTUဟု ဖြစ်လာခဲ့လေသည်။
ကျောင်းနာမည် ပြောင်းခြင်းနှင့် ပတ်သက်၍ ဤသို့လည်း ကြားဖူးသည်။ မှန်မမှန်တော့ တပ်အပ်သေချာ မသိပါ။ ရန်ကုန် စက်မှု တက္ကသိုလ်ကို အင်္ဂလိပ်စာ နှင့် ရေးသောအခါ Rangoon Institute of Technology ဖြစ်ရာ အတိုကောက် အားဖြင့် လူတိုင်းက RIT ဟု ခေါ်ကြသည်။ ယင်းအတိုကောက်ထဲတွင် Of မှ O ကိုပါ ထည့်ဆိုပါက RIOT ဆူပူ ထကြွ သောင်းကျန်းခြင်းဟူသော အဓိပ္ပါယ်ကို ရသည်ဟု ညာဏ်ကြီးရှင် တစ်ယောက်က အနက်ဖွင့်ပေးရာမှ ကျောင်း နာမည်ပြောင်းသွားရသည်ဟု ပြောသံကြားဖူးသည်။
သူ တတိယနှစ်သို့ရောက်သော ၂၀၀၀ ပြည့်နှစ်မှာကား ကျောင်းကိုပါ ရန်ကုန်မှ မိုင်ပေါင်း များစွာ ဝေးရာ ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှ လယ်ကွင်းထဲတနေရာသို့ ပြောင်းရွှေ့ပေးခြင်းကို ခံကြရလေ သည်။ ကျောင်းနာမည်မှာလည်း ပြည် နည်းပညာ တက္ကသိုလ်ဟု ဖြစ်သွားလေတော့၏။ ထို့ကြောင့် သူ့ဘဝတွင် တက္ကသိုလ် တစ်ခုတည်းတွင် တက်ခဲ့ရသော်လည်း ကျောင်းနာမည် သုံးမျိုး အပြောင်းခံခဲ့ရသလို ကျောင်းအုပ်ကြီး ပါမောက္ခချုပ် သုံးယောက်၏ လက်အောက်တွင် ကျောင်းတက်ခဲ့ရဖူးသည့် အဖြစ်ဆန်းများကို ကြုံခဲ့ရသည်။
သူသည် ဧရာဝတီတိုင်း ကျုံပျော်မြို့မှ ကျောင်းလာတက်သည့် ကျောင်းသားဖြစ်သဖြင့် အဆောင်နေ ကျောင်းသား ဖြစ် ရာ သူငယ်ချင်းများမှာလည်း နယ်ကျောင်းသားက များ၏။ ထိုအထဲတွင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ စိုးမင်း နိုင် (ရခိုင်) နှင့် အလွန် ရင်းနှီးခင်မင်သည်။ စိုးမင်းနိုင်သည် စာရေး ကဗျာ ရေးသည့်ဘက်တွင် ထူးချွန်သူ ဖြစ်၏။
ရန်ကုန်မှ ပြည်ခရိုင် ပေါက်ခေါင်းသို့ ပို့ခံရသဖြင့် ကျောင်းသား ကျောင်းသူ အားလုံး၏ ရင်ထဲတွင် တနုံ့နုံ့နှင့် အခဲမ ကြေဖြစ်ကာ မကျေနပ်သည့် ဒဏ်ရာတစ်ခု စူးဝင်နေလေ၏။ လယ်ကွက်ထဲမှာ အဆောက်အဦသစ် ဆောက်လုပ် ပြီး တက္ကသိုလ်ဟု ဆိုင်းဘုတ်တပ်လိုက်သော်လည်း ကျောင်းသူ ကျောင်းသားများ၏ စိတ်ထဲတွင် သူတို့ ငယ်စဉ်ဘဝက တည်းက စိတ်ကူးယဉ်ကာ တက်ချင်ခဲ့သော ရန်ကုန် စက်မှု တက္ကသိုလ် ကျောင်းတော်ကြီးကို လွမ်းတသသ ဖြစ်နေကြ ရလေသည်။
ပိုဆိုးသည်မှာကား တရှိန်ရှိန် ပူပြင်းသည့် နေမင်းကြီးအောက်က လယ်ကွက်တွင် ဆောက်လုပ်ထားသည့် ကျောင်း သစ်ကြီးမှာ ပူပြင်းသည့် ဒဏ်ကို အလူးအလဲ ခံရနေသည်။ ထို့ပြင် နေထိုင်စရာ အဆောင် ဆောက်လုပ် မပေးထား သဖြင့် နီးစပ်ရာ မြို့ထဲမှ ငှါးရမ်းကြသည့် အဆောင်များတွင် ဖြစ်သလို နေကြရသည်။
ရန်ကုန်မှာတုန်းက ခန့်ညားထယ်ဝါသည့် ကျောင်းတော်ကြီးနှင့် ကျောင်းဆောင်များတွင် နေခဲ့ကြသူများကို ယခုလို မဲဇာကို ပို့ပစ်လိုက်သည့်အခါ သူတို့၏ မာန နှင့် ဒေါသကလည်း ဘရိတ်အုပ်မရလောက်အောင် ထကြွလျှက် ရှိသည်။
ထို့ကြောင့် သူနှင့် စိုးမင်းနိုင်သည် ကာတွန်း ဘောက်က်စ် တွင် ကဗျာနှင့် ကာတွန်းများကို ရေးကာ သူတို့ ခံစား ချက်ကို ပွင့်ပွင့်လင်းလင်း ဖော်ပြသည့် နံရံကပ် စာများကို ရေးသားကြသည်။ အရင်က စက်မှုတက္ကသိုလ် ကျောင်းသား ဟောင်းကြီး တစ်ဦးဖြစ်သည့် နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်နာမည်ကို အနည်းငယ်ပြောင်းလဲကာ အော်ပီ ကျဉ်းဟူသော ကလောင်ဖြင့် လက်စွမ်းပြခဲ့ကြာ ခံစားချက် တူညီကြသဖြင့် ကျောင်းသား ကျောင်းသူများ အားပေးခဲ့ကြ သလို သူတို့လည်း လိုက်ရေးခဲ့ကြသည်။ အော်ပီကျဉ်း၏ လူကြိုက်များခဲ့သော ကဗျာနှင့် ကာတွန်းမှာ
”နေပူပူ ဖုန်ထူထူနှင့်
ကွင်းပြောင်ပြောင် တောခေါင်ခေါင်မှာ
ရက်တိုတို တက္ကသိုလ်တစ်ခု
PTU ဟုနာမပြု၍တည်ရှိလေသည်”
ဟု ကဗျာကို စတင်ရေးသားပြီး ကျောင်းသားများ၏ ပစ္စက္ခကာလ ဖြစ်ပျက်နေကြသော ပုံပန်းသဏ္ဍာန်တို့ကို သူက ကာတွန်းဖြင့် ရေးပြသည်။
တခြားကျောင်းသားများကလည်း
”ကျောင်းဝင်းတကြော ထန်းတောကြီးပဲလို့ဝမ်းသာလုံးဆို့ နေတဲ့ကျောင်းသားက တစ်ယောက်”
”ရန်ကုန် က တက္ကသိုလ်ကို လွမ်းတယ်၊ ရန်ကုန်က ကောင်မလေးတွေကို လွမ်းတယ်ဆိုတာက နောက်တစ်ယောက်”
”အင်းယားဆောင်ကို လွမ်းတယ်၊ အာရ်စီကို လွမ်းတယ်၊ စိုးမြင့်ကြော်ကိုလွမ်းတယ် …..လွမ်းတယ် လွမ်းတယ်…ဆိုပြီး ကိုယ့်အလွမ်းတွေကို မနိုင်မနင်းထမ်းပိုးထားရတဲ့ကျောင်းသားက တစ်ယောက်”
စသည်ဖြင့် ရင်ဖွင့်သံတွေကို အရုပ်နဲ့ စာနဲ့လိုက်ရေးပြီး တစ်ယောက်ပြီးတစ်ယောက် ရေးသွားကြသည်။
”အကြောင်း မညီညွတ်သည်များကို
နှာခေါင်းဆီဆွတ်၍
နှာစီး နေလိုက်ရပါသည်”
ဆိုသည့် ကဗျာမျိုးကို အပတ်စဉ် မပျက်မကွက် ရေးခဲ့ကြ၏။ ကိုယ်တိုင် တွေ့ကြုံနေရသည့် ဒုက္ခခံစားမှုများကို ရေး သားထားကြသည့် စာများဖြစ်သည့်အတွက် ကျောင်းသားများ၏ နှလုံးသားထဲကို ရောက်သကဲ့သို့ လှုပ်ခတ်မှုလည်း ရှိသည်။ တက္ကသိုလ် နယ်မြေဌာနမှ ဝန်ထမ်းများကလည်း ကပ်သမျှ စာများကို လိုက်လံ ခွါပစ်ကြ၏။
သို့နှင့် မတ်လ ၁၃ ရက်နီးလာသည့်အခါ ဘုန်းမော် နှစ်ပတ်လည် လုပ်ရန် ကျောင်းသားများသည် ကိုယ့်အုပ်စုနှင့် ကိုယ် တိုးတိုး ကြိတ်ကြံစည်နေကြသည့် အုပ်စု ရှိသကဲ့သို့ အဆောင်များသို့ သွားကာ စည်းရုံးခြင်း အတန်းလာတက် စဉ် စည်းရုံးခြင်းများကို ပြုလုပ်ကြသည့် အုပ်စုများလည်း ရှိကြသည်။
စောမင်းထိုက်ကျော်နှင့် အတူ ကဗျာ စာပေ ဝါသနာပါသည့် သူငယ်ချင်း ခြောက်ယောက်က ဘုန်းမော် အမှတ်တရ ကဗျာ ထုတ်ရန်နှင့် ယင်းနေ့၌ ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒပြရန် စီစဉ်ကြသည်။ ထိုနေ့တွင် ကျောင်းသား ကျောင်းသူတိုင်း အင်္ကျီဖြူ ဝတ်လာရန် နှင့် ရင်ထိုး ဖဲကြိုးနက်ကလေး တပ်ဆင်လာကြရန် ဆော်သြထားကြသည်။
၂၀၀၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့ ဘုန်းမော် နှစ်ပတ်လည် အထိမ်းအမှတ် ကဗျာ ဆယ့်သုံးပုဒ်ကို လက်ရေးဖြင့် ရေးသားသည့် လက်ကမ်းစာစောင် ကဗျာ စာအုပ်ကို ရေးကြသည်။ စာအုပ်၏ နာမည်မှာ
”ဘုန်းမော် အမှတ်တရ ”
ဖြစ်ပြီး စာအုပ်၏ အရှေ့နှင့် အနောက် အဖုံးကို ကန့်လန့်ဖြတ်ကာ
”အလွမ်းပြေ ပန်းခွေ မပို့နိုင်ကြပေမယ့် အမှတ်ရ ဂုဏ်ပြုနေကြတယ် ဆိုတဲ့ သင်္ကေတ အဖြစ်”
ဟု ရေးထိုးထား၏။ မာတိကာ စီစဉ်ပုံမှာလည်း သမားရိုးကျ တစ်မှနေ ဆယ့်သုံးသို့ ငယ်ရာမှ ကြီးရာသို့ မသွားဘဲ ဆယ့်သုံးကို ထိပ်ဆုံးမှ စတင်ကာ တစ်ကို အောက်ဆုံးမှာ ထားလေသည်။
***
အကြောက်တရားတွေကို
၂၁ရာစုရဲ့အဝင်ဝမှာ မြေမြုပ်ပစ်ခဲ့ပြီ
မျက်ရည်ကျခွင့်
စကားပြောခွင့်တွေမရှိပေမယ့်
ကျနော်တို့ကတော့ အပူရုပ်ကို
ဟန်လုပ်မနေတတ်ကြဘူး
အလွမ်းပြေပန်းခွေမပို့နိုင်ကြပေမယ့်
အမှတ်ရဂုဏ်ပြုနေကြတယ်ဆိုတဲ့သင်္ကေတအဖြစ်
၈၈ မတ်လ ၁၃ ရက်ကို
ဒီစာအုပ်နဲ့ ဂါရဝပြုလိုက်တယ်…
13 March Y2K
၁၃။ အမှတ်တရ ညများစွာ(ဇော်မျိုးထွန်း)
၁၂။ မြေဇာမြက်တို့ မနက်ဖြန်(စောမင်းထိုက်ကျော်)
၁၁။ ငါ ပြန်လာခဲ့မယ်(အောင်ကျော်ဟိန်း)
၁၀။ နေညိုသမ်းချိန်(ဇော်မျိုးထွန်း)
၉။ အဆုံးမဲ့ ရှင်သန်ခြင်း(စည်သူမျိုးဟန်)
၈။ တာဝန်မဲ့သူများ(အောင်ကျော်ဟိန်း)
၇။ အလင်းငတ် ကောင်းကင်(ဇော်မျိုးထွန်း)
၆။ … ….. .. အမှတ်တရ အဓိဌာန်(စိုးမင်းနို်င်)
၅။ ဒုက္ခရဲ့ ဒုက္ခ(စည်သူမျိုးဟန်)
၄။ ကောင်းကင်သစ်ကို ရှာဖွေခြင်း(စိုးမင်းနို်င်)
၃။ သွေးစွန်းနေတဲ့ သောကများ(ဉာဏ်လင်းမင်း)
၂။ ရေတိမ်နစ်သမိုင်းရဲ့အက်ကွဲစ(စည်သူမျိုးဟန်)
၁။ စွယ်တော်ရိပ် တမ်းချင်း(ဇော်မျိုးထွန်း)
………………………………………..
၁။စွယ်တော်ရိပ်တမ်းချင်း(ဇော်မျိုးထွန်း)
• တာဝန်ကျေလို့ ကြေမွသွားခဲ့ရတဲ့
ကျောင်းတော်ကြီးရေ ။
• ရိုးသားတဲ့ ငါတို့ရဲ့ တောင့်တမှုတွေအတွက်
အစား ပြန်ရခဲ့တာက
ကန္တာရ ကွင်းပြင်ကျယ်ကြီးနဲ့
အတားအဆီးမရှိ နေရောင် ခါးခါးတွေရယ်
လှောင်ပိတ်ခံနေရတဲ့ ဘဝများစွာ ရယ်
ပျောက်ဆုံးနေတဲ့ အနာဂတ်တွေရယ် ပဲပေါ့။
• လွဲချော်လိုက်ပုံက
လယ်ကွင်းတွေထဲမှာ
စက်မှု အတတ်တွေ သင်ကြမယ်တဲ့
ပညာတွေ အဆင့်မြင့်လေလေ
မြိုင်ခြေနဲ့ နီးရလေလေလား
ငါ မတွေးတတ်တော့။
• အကြောက်တရား မီးတောက်ထဲ
အာဃာတ လောင်စာတွေ ပေါင်းထည့်ပြီး
ဟောဒီ လွင်တီးခေါင်ကြီးထဲ
မြွေဆိုးတွေ ပေါတဲ့ အရပ်ကိုမှ
ရွေးပို့ခဲ့လေတော့
ငါ့ရင်
တဆစ်ဆစ်နာ
တမြေ့မြေ့ ဆွေးခဲ့ပေါ့။
• ကျောင်းတော်ကြီးရေ
မင်းရဲ့ မြမြက်စိမ်းစိမ်းတွေ
အမေ့ရင်ခွင်လို နွေးထွေးခြင်းတွေ
ကျောင်းနဲ့တူတဲ့ ကျောင်းရဲ့ အရသာတွေ
စွယ်တော်ရိပ်က အပြုံးတွေ
သြဘာလမ်းနဲ့
ငါတို့ရဲ့ ပစ္စည်းမဲ့ ဂိတ်ပေါက်ကို
ငါ ဘယ်မေ့ရက်ပါ့မလဲ။
• ကျောင်းတော်ကြီးရေ
မြင်နေရက်နဲ့ ကြင်ခွင့်မရ
ရှိနေရက်နဲ့ တက်ခွင့်မရ
ပွင့်နေရက်နဲ့ ပန်ခွင့်မရ
နေရာအတုမှာ
အပျော်အတုတွေနဲ့
နေနေခဲ့ရ ငါတို့ဘဝ။
• စွယ်တော်တို့ရေ
မုန်တိုင်းစဲမဲ့နေ့ကို
အတူလျှောက်လှမ်းရင်း
ကျောင်းတော်ကြီးရဲ့ ရင်ခွင်မှာ
ငါတို့ရဲ့ တစ်ခြမ်းပဲ့ နှလုံးသားတွေကို
ပြန်လည် ပေါင်းစည်းကြစို့။
………………………………………..
၂။ ရေတိမ်နစ်သမိုင်းရဲ့အက်ကွဲစ(စည်သူမျိုးဟန်)
• ပြဌာန်းခံခဲ့ရတဲ့
ဘဝတွေကို
ဘယ်လို မျက်နှာပြရမလဲ။
• ငါတို့ရဲ့ ရှင်သန်မှုဟာ
ခြယ်လှယ်ခံရဖို့
သက်သက်လား
သော့ခတ်ခံထားရတဲ့
ဦးနှောက်နဲ့ ခံစားချက်တွေ အတွှက်
ပွင့်နေမယ့်
ပြူတင်းပေါက် တစ်ခု လိုနေတယ်။
• အကြောင်းတွေအတွက်
အကျိုးသက်ရောက်မှုဟာ
မတရားပြီး
ပက်စက်လွန်းတယ်။
• စိတ်ထင်တိုင်း
ရွှေ့ပြောင်းရအောင်
ငါတို့က စစ်တုရင် ရုပ်တွေမို့လား။
• နေရာတစ်ခု
တည်မြဲမှုအတွက်
ဘဝပေါင်းများစွာ
ဖရိုဖရဲ ဖြစ်ခဲ့ရတယ်။
• နာကျည်းမှုတွေသာ
ပါးစပ်ပါခဲ့ရင်
နံရံတွေ အက်ကွဲကုန်လိမ့်မယ် ။
• တွေးမိတိုင်း
ရင်နာနေရလို့
အတွေးတွေကို
သနားနေမိတယ်။
• ဖြစ်မြောက်အောင်
မပြောင်းနိုင်ခဲ့တဲ့
ကိုယ်တိုင်ကိုလည်း
ယူကြုံးမရ ဖြစ်မိတယ်။
• အားလုံးရဲ့
ရင်ထဲက
အစိုင်အခဲတွေကို
ပေါင်းစုလိုက်ရင်
ကန္တာရတွေတောင်
ပျောက်သွား နိုင်တယ်။
ခေါင်းငုံ့နေတာ
ရင်မဆိုင်ရဲလို့
မဟုတ်ပါဘူး
အစကနေ
အခုထိမှားနေတဲ့သမိုင်းကြောင်းကို
ကမ္ဘာမြေကို တိုင်တည်
ပြောပြနေတာပါ။ ။
………………………………………..
၃။သွေးစွန်းနေတဲ့သောကများ(ဉာဏ်လင်းမင်း)
ပြောခွင့်မရှိတဲ့ စကားလုံးတွေကပဲ
ကဗျာတစ်ပုဒ်ဖြစ်လာခဲ့ပြီ
လမ်းမီးတိုင်တွေလို
ညမှောင် ကျလာလေလေ
ဝေဒနာတွေ ပိုမိုလင်းလက်လာ
လမ်းမအောက်က ဝိညာဉ်တွေလား
အိမ်မက်တွေထဲအထိအောင်
ညည်းညူသံတွေကြားနေရတယ်
ကောင်းကင်ကျယ်ပြန့်သလောက်
နံရံတွေလဲ ကျယ်ပြန့်လွန်းတယ်
မြင်နေကျမြင်ကွင်းတွေ
ကြားနေကျ မုသားတွေ
တိုက်ဆိုင်လိုက်ပုံများ
မနက်လင်းတိုင်းတွေ့မြင်နေရ
မိုးလင်းကနေမိုးချုပ်
သည်းခံနိုင်စွမ်းတွေလည်း
ကုန်လုပါပြီ
အိုဟောင်းနေတဲ့ ခေတ်ကြီးရေ
ငါ့ကိုချွေးလာသိပ်မနေနဲ့
ဒါဟာ သွေးနဲ့သွန်းလောင်းပြီး
နှစ်သုံးဆယ်ကျော် ပြုစုပျိုးထောင်ထားတဲ့
သစ်ပင် တစ်ပင်ဖြစ်တယ်
ဉာဏ်ကြီး
…………………
ဒီကဗျာရေးခဲ့တဲ့ဉာဏ်ကြီး(ဉာဏ်လင်းမင်း)
ကတော့ ကွယ်လွန်သွားခဲ့ပါပြီ။
………………………………………..
၄။ကောင်းကင်သစ်ကို ရှာဖွေခြင်း (စိုးမင်းနိုင်)
• ဒီအတိုင်းသာ ဆိုရင်တော့
အသက်ရှူခွင့် လိုင်စင်အတွက်
အရှက်သိက္ခာတွေဟာ
မာရ်နတ်မင်းဆီမှာ
အပေါင်ဆုံးတော့မှာပါဘဲ။
• ရေလိုက်ငါးလိုက် ညီမျှခြင်းဟာ
ပြဿနာ အားလုံးကို ပြေလည်စေမလား
ခင်ဗျားတို့လည်း စဉ်းစားကြည့်ကြလေ။
• သံစဉ်ပျက် တေးသွားနဲ့ပဲ
နေသားကျနေကြမယ် ဆိုရင်တော့
မနက်ဖြန်တွေကို အားနာစရာ။
• ခင်ဗျားတို့လည်း သိနေရဲ့
ပေါက်ပြဲနေတဲ့ ကောင်းကင်ကြီးဟာ
မကြာခင်မှာပဲ
အာဃာတ တိမ်တိုက်တွေထဲက
အက်ဆစ်မိုးတွေ
ရွာသွန်းမယ့် အကြောင်းကို ပေါ့။
• အဲဒီတော့
ငါတို့တွေရဲ့
အသက်ရှူခွင့် လိုင်စင်တွေကို ရောင်း
အတောင် ကောင်းကောင်း တပ်ပြီး
ကောင်းကင်သစ် ခရီးအတွက်
ပျံတက်ရဲမှ
ဖြစ်တော့မယ်လေ။
………………………………………..
၅။ဒုက္ခရဲ့ ဒုက္ခ(စည်သူမျိုးဟန်)
*****
• အိပ်ငိုက်နေတာလား
အိပ်ချင်ဟန်ဆောင်နေကြတာလား ။
• အတွေးတွေ
ချွန်ဖို့အတွက်
ဓားတစ်လက် လိုနေကြလို့လား။
• ပွင့်နေတဲ့ ပါးစပ်နဲ့
ဖွင့်ထားတဲ့ ရင်ခွင်
ပေါင်းမိလျက်နဲ့
ဘာကြောင့် စကားတွေ
မထွက်ကျလာတာလဲ။
• စကားတွေကို လှောင်ဖို့
စကားတမံတွေများ
ရှိနေကြလား။
• ပြင်းထန်လွန်းတဲ့
အသိပေးမှုအတွက်
နှစ်ဆလောက်
ပိုပြင်းထန် စူးရှတဲ့
တုန့်ပြန်မှုတွေ
မလိုဘူးလို့ ထင်နေကြလား။
• လှောင်ပိတ်ခံထားရတဲ့
စကားလုံးတွေ
အပြစ်ပယ်ခံ
အတွေးတွေ
ပြန်မမော့တော့မယ့်
ဦးခေါင်းတွေ
ရိုက်ချိုးချခံခဲ့ရတဲ့
ကော့နေတုန်း ရင်တွေအတွက်
…. … …. .. .. .. ..
…. … …. .. .. .. ..
…. … …. .. .. .. ..
………………………………………..
၆။အမှတ်တရ အဓိဌာန် (စိုးမင်းနိုင်)
*****
တောက်ခေါက်သံတို့
မိုးယံပျံ့လွင့်
ရဲရင့်ခဲ့တဲ့ ဒေါင်းပုံပြင်။
မိုးတိမ်ယံ ဟိုအမြင့်က
အိုးဝေသံ သူလေပေးတော့
ရာဇဝင် မြက်ခင်းစိမ်းထဲ
သွေးရဲရဲတွေ စီးဆင်းခဲ့ဖူးရဲ့
လွန်ခဲ့တဲ့ ၁၂ နှစ်ကလေ။
• နံရံတွေကို ဆေးဖြူသုတ်
သူတို့မဟုတ်သလို မျက်နှာပေးနဲ့
သမိုင်းကောင်းတွေ ရေးချင်ကြသေးရဲ့။
ဘုရားဒါယကာတွေလေ
ကမ္ဘာမြေကို ဒုက္ခပေးဖူးကြောင်းကိုတော့
တို့တွေ ကောင်းကောင်း မှတ်မိသင့်ပါရဲ့။
• သုဿာန်တစပြင်တွေထဲကို
နန်းတော်တွေ လွှင့်ပစ်လိုက်တာကိုများ
အကြင်နာတရားလို့
သူ့ကိုယ်သူ ဂုဏ်ယူလိုက်သေးရဲ့
မရှက်တတ်တဲ့ တိရိစ္ဆာန်တွေရေ။
• ကမ္ဘာမြေမှာ
သစ္စာတရား မခန်းသရွေ့တော့
အမှန်တရားရဲ့ မြှားတစ်စင်း
ရင်ကိုခွင်း
အရှိန်ပြင်းပြင်း ထိုးစိုက်
အပြစ်မကင်းသူတွေအတွက်
ဘဝဆက်ဆက်
စူးနစ်စေရမယ်။
………………………………………..
၇။အလင်းငတ် ကောင်းကင် (ဇော်မျိုးထွန်း)
*****
• ကောင်မလေးရေ
လမိုက်ညတွေက ရှည်ကြာလွန်း
အမှောင်တွေက ယိမ်းက
ငှက်ဆိုးတွေရဲ့ ငှက်ဆိုးတွေရဲ့ အော်သံက ခြောက်လှန့် နဲ့
ဟောဒီ
အလင်းမဲ့ ကောင်းကင်အောက်ထဲ။
• ကောင်မလေးရေ
ပုံစံခွက်တွေထဲက လူတွေက
မှားတဲ့ဘက်က ရပ်ကြ
မတရားမှုတွေကို ပြုံးရယ်ကြည့်နိုင်ကြ။
• ပြိုင်ဘက်တွေကို ကြိုးတုပ်ပြီးမှ
တစ်ယောက်တည်း ပြေးကာ
ပထမ ရနေတာကို
ငါတို့က ဝိုင်းပြီး လက်ခုပ်တီးပေးရမှာလား။
• ကောင်မလေးရေ
ကန္တာရထဲမှာ ရေဆာသလို
ငါဟာ
လွတ်လပ်ခြင်းကို ဆာလောင်ခဲ့သူပါ
ငါတို့ကို ချည်နှောင်ထားတဲ့ ကြိုးများ
ဘယ်အချိန် ပြတ်တောက်သွားမလဲ။
-အေးချမ်းသာယာစွာနဲ့
စားဝတ်နေရေး ပြည့်စုံရင်ဘဲ
လူ့အခွင့်အရေးတွေ ပြည့်ဝပြီဆိုတဲ့ ဆိုတဲ့
မူလတန်း ကလေး တစ်ယောက်ရဲ့
စကားမျိုးနဲ့
ငါတို့ကို သြဝါဒ မခြွေနဲ့ ကွဲ့..
ငါတို့က လူ စစ်စစ်တွေပါ..
စကားတွေ ပြောခွင့်ပေးပါ..
နားတွေ ကြားခွင့်ပေးပါ..
ရွေးချယ်ခွင့်တွေ ပေးပါ သစ္စာတေးကို သီကျုးခွင့်ပေးပါ
ကောင်မလေးရေ
ဘီလူးတွေ မင်းသားမျက်နှာဖုံးချွတ်ရမဲ့နေ့
တံခါးတွေ ပွင့်သွားမယ့်နေ့
အမှောင်ကို ကြိုးမိန့်ချမဲ့နေ့
လွတ်လပ်လေကို ရှူခွင့်ရမဲ့နေ့
နေရာမှန်မှာ လူမှန်တွေရောက်မဲ့နေ့
လူကိုလူလို့ အသိအမှတ်ပြု ခံရမဲ့နေ့
အဲဒီနေ့ . .
ငါတို့အားလုံးရဲ့ နေ့ကို မျှော်လင့်နေမိ
အခုတော့ …
ကောင်းကင်ဟာ
အလင်းငတ်နေလေရဲ့…။
………………………………………..
၈။တာဝန်မဲ့သူများ***** (အောင်ကျော်ဟိန်း)
• ငါပြန်ခဲ့ရပြီ
ဘာမှန်းမသိနိုင်တဲ့နေရာတစ်ခုက
ဘာမှန်းကို မသိခဲ့ရ…
• လာခဲ့တုန်းကတော့
တောင့်တမှု အထုပ်အပိုးနဲ့ အပြည့်ပဲ
ခေါင်းငိုက်စိုက်နဲ့
ကိုယ့်အသည်းကိုယ်ပြန်ကိုက်လို့
မှားယွင်းမှုထက် မိုက်မဲတာ
ဘဝထဲ အပြီးလောင်းထည့်ခဲ့ရတယ်…
• တစ်ချို့က ဆိုကြရဲ့
”ရိုက်ချက်ပြင်းပြင်းနဲ့ အသက်ထွက်သူနဲ့”
”ရိုက်ချက်ပြင်းပြင်းနဲ့ ရက်စက်ရက်သူ”
ဘယ်သူဟာ လူ ပိုဆန်သတဲ့ လဲ ?
အနာဂတ်မှာ ကလပ်စည်း အသစ်တွေကို
အာဏာနဲ့ ငွေ အချိုးကျ ဖွဲ့စည်းတဲ့ မူနဲ့
အနာဂတ်ရဲ့ ကလပ်စည်း ခပ်ညံ့ညံ့တွေ
အာဏာနဲ့ ငွေ အချိုးချချင်သူတွေ
မြူးထူးနေကြလေရဲ့…
• အာသာငန်းငန်း တောက်ပ မျက်လုံးနဲ့
အော်ဂလီဆန်စရာ အဖွဲ့အနွဲ့တွေ ရွတ်ဖတ်
ဂျပန်လက်ပတ်နဲ့ ကျေနပ်နေသူများ
တစ်နေ့တစ်ခြား များများလာရင်း
သတင်းတွေဟာ ခါးသက်
ဒဏ်ရာတွေ ကျက်ဖို့ ခက်ရ…
• အဲဒီလက်ပတ်နဲ့ ကောင်တွေရဲ့ လက်ချက်နဲ့
အရှက်မဲ့သွားရတဲ့ သမီးများ
အသက်မဲ့သွားရတဲ့ သားများ
မြို့ကလေး ခမျာ
မျက်ရည်မဲ့ခဲ့ရှာပါပြီ…
• အဲဒီမြို့ကလေးအပေါ်မှာမှ
ရယ်မော ပျော်ရွှင်နေရက်ကြ
ဟန်ဆောင် မျက်လုံးတွေနဲ့
ခပ်သဲ့သဲ့ ပြုံးထားတဲ့ နှုတ်ခမ်းတွေ
ဘယ်လိုဘဲ ညာနေညာနေ
မင်းတို့ရဲ့ နှစ်နပ်စာ ထမင်း ဟင်းများဟာ
အေးစက် ခါးသက်နေပါတယ်။
• ၉၆ ရဲ့နိုဝင်ဘာလကို
မေ့ချင်ယောင်ဆောင်ထားကြရင်တောင်
အောင်ဆန်းကွင်းနဲ့
သမ္မတရုံ ရှေ့က
ဖြတ်မလျှောက်ကြပါနဲ့လား ။
• လမ်းရဲ့အောက်က သူငယ်ချင်းတို့ရေ
မေ့လျော့တတ်တဲ့ ပြဇာတ်တွေ အပြီးမှာ
ကန့်လန့် ကာဘယ်နှစ်ခါ ကျကျ
အဆုံးမသတ်စေရပါဘူး။
………………………………………..
၉။အဆုံးမဲ့ ရှင်သန်ခြင်း(စည်သူမျိုးဟန်)
*****
• အမှန်တရားရဲ့
တခြားနာမည်က
မိုက်မဲခြင်းလား
လိမ်ညာမှုရဲ့
နာမည်ဝှက်က
မျက်နှာပြောင်တိုက်ခြင်းလား။
• မိုက်မဲခြင်းရဲ့
လိပ်ပြာတွေက သန့်ရှင်းနေမှာပဲ
• လိမ်ညာမှုရဲ့
လိပ်ပြာတွေကိုတော့
အံ့သြမိတယ်။
• အဆုံးစွန်
လိမ်ညာမှုတွေအတွက်
လိပ်ပြာတွေ
ဘာ့ကြောင့် မလွင့်ခဲ့ရတာလဲ။
• အမှန်တရားလို့ခေါ်တဲ့
မိုက်မဲခြင်းတွေအတွက်
ဘဝနဲ့ ဝိညာဉ်တွေက
အမွဲ
အသင့်ရှိနေမှာပါပဲ ။
………………………………………..
၁၀။နေညိုသမ်းချိန်(ဇော်မျိုးထွန်း)
• ကြည့်လိုက်ပ
မြေခွေးတို့ရဲ့ ညစာစားပွဲမှာ
အရောင်အဝါတွေ ပြိုးပြိုးပြပြ
ပလ္လင်အတွက် ယစ်ပူဇော်ကြ
ပျော်ရွှင်သောက်စား မူးယစ်ကြ
ဘုရားရေ..
ပလ္လင်ထက်က သွေးစွန်းသောလက်တွေက
ပုတီးတွေ ကိုင်လို့ပါလား။
• နားမဆံ့အောင် ကြားနေကြရ
မြေခွေးပါးစပ်က လူ့စကားများ
ပန်းပွင့်တွေကို အညွန့်ချိုးခဲ့ပြီးမှ
ပန်းပျိုးသူလို့ ဟစ်ကြွေးကြ
ငါတို့အားလုံးရဲ့ အိပ်မက်လှလှတွေကို
ချောက်ထဲတွန်းချခဲ့တာတောင်
မဟာကယ်တင်ရှင်လို့
စကားလုံး မိုးတွေ ရွာချကြ
(ထိုင်ပဲ ဦးချရမလို)
• ငါ ဘယ်လိုမှ မေတ္တာပို့လို့မရတဲ့
မြေခွေးတို့ရေ
ဘယ်လောက်ပဲ ဘုန်းမီးတွေ
တစ်လျှံလျှံညီးခဲ့စေဦးတော့
နေညိုချိန်ဆိုတာ ရှိကြစမြဲပေါ့..
(ဇာတ်သိမ်းလှဖို့တော့ လိုတာပေါ့)
• နောက်ဆုံးတော့
နပိုလီယန်လည်း စိန့်ဟယ်လီနာ သွားရတာပဲ
ဟစ်တလာလည်း အဆိပ်ရည် လူးခဲ့ရတာပဲ
ခင်ဗျားတို့ မြေခွေးတွေလည်း
……….
……….
……….
………………………………………..
၁၁။ငါပြန်လာခဲ့မယ်(အောင်ကျော်ဟိန်း)
*****
• ငါ ပြန်လာခဲ့မယ်
ငါ့ကြောင့်
ဆွေးမြေ့ ကြေကွဲနေမယ့်
ငါ့အမေရဲ့ မျက်ရည်တွေ သုတ်လိမ်းပြီး
သူ့ရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့
အသံလှိုင်း စက်ကွင်းပဲ့တင်မှာ
ငါ ပြန်လာခဲ့မယ်။
• ပြီးတော့
ဖျော့တော့နေတဲ့ နေလောင်ဆံပင်တွေလို
ပျော့ခဲ့ဖူးတဲ့ စိတ်ဓာတ်တွေ ထိုးထောင်ထလို့
နှစ်ချို့ ရက်စက် နာကျည်းမှုများနဲ့အတူ
ယုံကြည်ချက်ကို စိုက်ထူဖို့
မျက်ရည်စို့နေမဲ့ ရင်ခွင်ထံ
ငါ ပြန်လာခဲ့မယ်။
• ငါ ပြန်လာခဲ့မယ်
ပြန့်ကျဲနေတဲ့ သွေးစက်တွေထဲက
သူ့ရဲ့ ရုပ်ပုံလွှာ
လေအဟတ်မှာ ယှက်တင်ခဲ့
ကြော်ငြာတွေထဲက
ဟောင်းနွမ်းရ ပြက္ခဒိန်လိုမျိုး
ဘယ်တော့မှ မဟောင်းတဲ့ မှတ်တမ်းထဲ
ငါတို့အတွက် … သွေး သက်တန့်ရောင် သမ်းခဲ့သူထံ
ခွပ်ဒေါင်းအလံ ကမ်းနိုင်ဖို့ရာ
ငါ ပြန်လာခဲ့မယ်။
• ညီမလေးရေ
ကမ္ဘာမကြေတဲ့ ညီမလေးရေ
ရူးနှမ်းနှမ်း လူကြမ်းတွေလက်က
နံပတ်တုတ် အခတ်မှာ
မျက်တောင်မခတ်တဲ့ ညီမလေးရေ
မော်ကွန်း ပုရပိုက်တွေထဲ
နာမည်တွေ ပါခဲ့ပါပြီ။
မင်းဆီ လက်ကျန် သွေးစက်တို့
မခြောက်ကပ်သေးရင်
ရင်းခဲ့ရ အသက်တွေ
အမျှဝေနိုင်ဖို့ပဲ
အသက် ရဲရဲ ရှိုက်ချလိုက်စမ်း ကွဲ့
ငါတို့ရဲ့ သွေးစက်တွေ အတွက်
အရှက်ကြီး ရှက်ရမယ့်သူများ ….
အော်သံကြားက မြင်ကွင်းကို
အမြစ်ပြတ် ရှင်းဖို့ရာ
အမြစ်ပြတ် ရှင်းဖို့ရာ ငါ ပြန်လာခဲ့မယ်
• ငါပြန်လာခဲ့မယ်
နီယွန်ည တစ်ခု
မှောင်မိုက် သွေးပျက်မှုထဲ
လဲကျသေဆုံးရ သူငယ်ချင်းတွေ
အော်ဟစ်ဆူသံများ
ပွပလဲ ထနေတဲ့ ညရဲ့
ခြောက်ခြား ငြိမ်သက်မှုထဲ
အလဲလဲ အပြိုပြို
မှိုလို မျှစ်လို အချိုးခံခဲ့ရပေါ့။
ဘဝကို နာလန်မထူအောင်ပဲ
ဝဲအစွဲခံခဲ့ရ ညတွေအတွက်
ဒီ နွမ်းညစ်ညစ် ရက်တွေထဲကနေ
ငါ ပြန်လာခဲ့မယ်။
• မွန်းကျပ်လှောင်ပိတ်နေတဲ့
မှန်အိမ်ကျဉ်းကျပ်ကျပ်တွေထဲက
အလှပြငါးတွေလို
ဆာလောင်မွတ်သိပ် စိတ်ဓာတ်များ
လွတ်မြောက်စွာ ထွားကြိုင်းဖို့
တို့သွေးစက်တို့ ခြောက်ခန်းမယ့်
အနာဂတ်ရက်ကို မျှော်လင့်ရင်း
အုပ်စုသစ် ဆင်ရိုင်းလိုမျိုး
မိုးသက်မုန်တိုင်းနဲ့ အတူ
ရိုင်းစိုင်းယုတ်မာတတ်တဲ့
အဲဒီကုလားထိုင်အပျက်ကို
ရိုက်ချိုးနင်းဖျက်နိုင်ဖို့ရာ
ငါ အမြန် ပြန်လာခဲ့ပါ့မယ်။
………………………………………..
၁၂။မြေဇာမြက်တို့ မနက်ဖြန်(စောမင်းထိုက်ကျော်)
• မြေဇာမြက်တို့ရဲ့ မနက်ဖြန်ကတော့
လက်လန်အောင် ပျက်စီး ကြေမွ သွားခဲ့ရပြီဘဲ..
• ဒါမျိုး ကစဉ့်ကလျားနဲ့
လွင့်ပါးချင်တိုင်း လွင့်ပါးနေရတဲ့
ငါတို့လိုဘဝ
ငါ့ညီ
ငါ့နှမ
တဒင်္ဂတောင် မကြုံကြိုက်စေလိုတော့…
• ဖွင့်ထားပေမဲ့
ဘာမှ မြင်ပုံမရတဲ့
အနာဂတ်မဲ့
မျှော်လင့်ချက်မဲ့
မျက်ဝန်းအကြည့်ဝေဝေဝါးဝါးတွေ
ငါ့ညီ
ငါ့နှမ
မျက်ဝန်းတွေထဲ အထိ မကူးစက်စေလိုတော့…
• အမှန်ကို ရဲရဲမြင်
အမှန်ကို ရဲရဲပြောလို့
ငါတို့တွေ ရွာပြင်ထုတ်ခံရများ စောလေသလား…
ခုများတော့ တစ်ချို့
မလှုပ်ရဲ မရှားရဲ
မပြောရဲ မဆိုရဲ
မတို့ရဲ မထိရဲ
မဲမဲမြင်တိုင်း ဘေးရှောင်
သွေးကြောင်နေကြတော့တာ…
• ဒီလိုသာဖြင့်ကွယ်
ငါတို့လို ဘဝမျိုး
ထပ်တိုးလာဖို့သာ ရှိသပေါ့…
………………………………………..
၁၃။အမှတ်တရညများစွာ(ဇော်မျိုးထွန်း)
စစ်မြေပြင်မဟုတ်ခဲ့ပါဘူး
ဒါပေမယ့်
အဲဒီညခင်း
ငါတို့ကျောင်းတော်ဝင်းထဲမှာ
ယမ်းခိုး ယမ်းငွေ့တွေ
ဝေခဲ့ပါတယ်…..
လက်နက်ဆိုလို့
ဓားတစ်လက်တောင်မရှိခဲ့ပါဘူး
အမှန်တရားကို
မွတ်သိပ်ခဲ့သူတွေပါ….
ဒါပေမယ့်
ငါတို့နှလုံးသားတွေ
တစ်စစီ
ခြေမွှခံခဲ့ရပါတယ်….
၆၂ ဇူလိုင်လ
ယမ်းငွေ့ဝေတဲ့
ညတစ်ညမှာ
ငါတို့ရဲ့ကျောင်းသား သမဂ္ဂ
မြေခခဲ့ရတယ်…..
၈၈ မတ်လ
ယမ်းငွေ့ဝေတဲ့ညတစ်ညမှာ
ဘုန်းမော်နဲ့
ငါတို့နောင်တော်တွေ
ကျဆုံးခဲ့ရတယ်
ကြာခဲ့ပြီ
ယမ်းငွေ့ဝေတဲ့
နေ့ညများစွာထဲမှာ
ရှိုက်ငိုကြွေးသံ
တောက်ခေါက်သံတွေနဲ့အတူ
သွေးမြစ်တွေ
စီးဆင်းနေခဲ့တာ……..
၀၀၀၀— ၀၀၀၀
ပြည်နည်းပညာ တက္ကသိုလ် ကျောင်းသားများ၏ မတရားမှုကို ရဲရင့်စွာ ဆန့်ကျင် ဆန္ဒပြခဲ့ကြသည့် သမိုင်းနှင့် သူတို့ ထုတ်ဝေခဲ့ကြသည့် ထိုကဗျာစာအုပ်သည် တော်လှန်သော မျိုးဆက်သစ် ကျောင်းသားများ၏ သမိုင်းမော်ကွန်းတစ်ခုဖြစ်သောကြောင့် ၃၅ နှစ်မြောက် ဘုန်းမော်နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် တင်ပြလိုက်ရပေသည်။