ရန်ကုန်၊ မတ်(၇)
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံဖြစ်တဲ့ ၁၇ ဒဿမ ၆ သန်းနီးပါးဟာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က မတ် ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
UNOCHA အဆိုအရ လူဦးရေ ၁၇ ဒဿမ ၆ သန်းနီးပါးထဲက လူပေါင်း ၄ ဒဿမ ၅ သန်းဟာ လူသားချင်း စာနာမှု အကူအညီလိုအပ်ချက် ပိုမိုမြင့်မားနေပြီး ဦးစားပေးပံပို့းပေးရမယ့် အခြေအနေမှာရှိနေသလို သူတို့ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ကျေးလက်ဒေသတွေ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အကူအညီတွေ လိုအပ်နေတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၇၆၄ သန်း လိုအပ်နေပြီး သူတို့ကို ကူညီရာမှာလည်း စစ်ကောင်စီရဲ့အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်း ဥပဒေကြောင့် အဟန့်အတားတွေ ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
၂၀၂၃ ခုနှစ် ပထမနှစ်လအတွင်း တိုက်ပွဲတွေနဲ့အတူ စစ်ရေးပဋိပက္ခတွေကြောင့် လူပေါင်း ၁၅၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေသလို စစ်တပ် အာဏာသိမ်းပြီးနောက် မြန်မာပြည် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ရှောင်ဒုက္ခသည် ၁ ဒဿမ ၆ သန်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်၊ အရှေ့တောင်နဲ့ အနောက်မြောက်ပိုင်းတို့မှာ တိုက်ပွဲတွေ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး အသက်အန္တရာယ်နဲ့အတူ စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ဆို့မှုကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအပေါ် နှောင့်နှေးစေတယ်လို့ ထုတ်ပြန်ထားပါတယ်။နိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်လာပေမယ့် စစ်ကောင်စီကတော့ တိုင်းဒေသကြီးနဲ့ပြည်နယ် အများအပြားရှိ မြို့နယ်ပေါင်း ၄၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ ထားတာကြောင့် ကူညီဖို့မရေမရာ ဖြစ်နေရတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။သတင်း – သံလွင်တိုင်းမ်