ကလော – မတ်(၇)
တပ်မတော်သားတွေအနေနဲ့ အချိန်အခါမရွေးတိုက်ပွဲဝင်ရမှာဖြစ်ပြီး တိိုက်ပွဲဝင်ချိန်မှာ သင်ကြားပေး ထားတဲ့ စစ်ပညာရပ်တွေကို ထိရောက်အကျိုးရှိစွာ အသုံးချပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ရမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ(၆) ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် ကလောတပ်နယ်က အရာရှိ၊ စစ်သည် မိသားစုဝင်တွေကို တပ်နယ်ခန်းမမှာ သွားရောက်တွေ့ဆုံပြီး အခုလိုပြောခဲ့တာပါ။
“တပ်မတော်သားတိုင်းအနေဖြင့် အရည် အချင်းအလိုက်၊ စစ်သက်အလိုက်၊ ထူးချွန်ထက်မြက်မှု များအလိုက် တစ်ဆင့်မြင့် သင်တန်းများကို အဆင့်ဆင့်တက်ရောက်ရသည်ဖြစ်ကြောင်း၊ တပ်မတော်သားတစ်ဦး အနေဖြင့် တာဝန်များကို ကျေပွန်စွာဖြင့် ထမ်းဆောင်နိုင်ရန် သင်ကြားလေ့ကျင့်ပေးနေခြင်းပင်ဖြစ်ကြောင်း” လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် ပေးအပ်တဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်လိုတဲ့ စိတ်ရှိဖို့ လိုပြီး ပေးအပ်လာတဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်အဖြစ် ခံယူဆောင်ရွက်ဖို့ လိုကာ ခံယူချက်ကောင်းမွန်စွာနဲ့ နေထိုင်ပြီး ပေးအပ်တဲ့ တာဝန်တွေကို မငြီးမငြူ ကျေပွန်စွာ ထမ်းဆောင်ကြရမယ်လို့ သူက ပြောပါသေးတယ်။
ပေးအပ်လာတဲ့ လုပ်ငန်းတာဝန်တွေကိုလည်း ရုပ်ပိုင်းဆိုင်ရာ တက်တက်ကြွကြွနဲ့ ကျေပွန်စွာ ထမ်းဆောင်ရင် မိမိတို့ ဘဝတိုးတက်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မှာဖြစ်တယ် လို့ စစ်ခေါင်းဆောင်က ဆိုခဲ့ပါတယ်။
“တပ်တွင်းပြိုကွဲမှုတွေ ဖြစ်နေပြီ အခုဆို ရှေ့တန်းမထွက်ချင်လို့ လာဘ်ထိုးတဲ့သူတွေလည်း များလာတယ်။ ကျွန်တော်တို့ဆီကို မဆက်သွယ်ဘဲ ဒီတိုင်းပြေးတဲ့သူတွေလည်း ရှိလာတယ် ကျွန်တော်တို့ ဆီကို ဆက်သွယ်ပြီးခိုလှုံလာတာတွေ၊ရှေ့တန်းစစ်မျက်နှာပြင်မှာ ပဲကာကွယ်ရေး တပ်ဖွဲ့တွေဆီမှာ ခိုလှုံသွားသူတွေအများကြီးဖြစ်ပါနေပါပြီ” လို့ CDM ဗိုလ်ကြီးတစ်ဦးက သံလွင် တိုင်းမ်ကိုပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ရရာ လက်နက်စွဲကိုင်တော်လှန်နေတာကြောင့် စစ်ကောင်စီတပ်သားတွေ နေ့စဉ်လိုလို သေဆုံးတာ တွေရှိနေသလို တပ်ထဲက ထွက်ပြေးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ထဲမှာ တစ်ဦးကိုတစ်ဦး စောင့်ကြည့်တာတွေ လုပ်နေပြီး အခြင်းခြင်း မယုံသင်္ကာ တွေဖြစ်လာနေတဲ့အတွက် မကြာခင် ပြိုကျသွားနိုင်တဲ့ အခြေအနေမှာရှိနေပြီဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ တပ်တွင်းပြိုကွဲမှုတွေကို ကာကွယ်ဖို့နဲ့ စစ်ကောင်စီ သားတွေကို ထိန်းသိမ်းဖို့ရည်ရွယ်ပြီး နည်းမျိုးစုံနဲ့ ဝါဒဖြန့်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံကို လက်နက်အားကိုးနဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေ ကြောင့် ပြည်သူ သုံးထောင်ကျော်သေဆုံးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP မှာဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကာချုပ်ရုံး