မော်လမြိုင် – မတ်(၇)
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုအပါအဝင် ကျေးရွာတွေကို ဝင်ရောက်စီးနင်း ပစ်ခတ်တာ၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်တာတွေ ကြောင့် ဖေဖော်ဝါရီ တစ်လအတွင်း အမျိုးသမီး ၁၅ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မတ် ၆ ရက်နေ့က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ အရ သေဆုံးသွားတဲ့ အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက ၇ ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်း က ၃ ဦး၊ ကချင်၊ကရင်၊ချင်း၊ တနင်္သာရီနဲ့ မကွေးတိုင်းတို့မှာ တစ်ဦးစီ ပါဝင်ပါတယ်။
သေဆုံးခဲ့ရတဲ့ အမျိုးသမီး ၈ ဦးဟာ စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရတာ ဖြစ်ပြီး စစ်ကိုင်းတိုင်းထဲက အမျိုးသမီး ၃ ဦးဆိုရင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးစဉ် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတာပါ။
စစ်ကောင်စီက တော်လှန်ရေးအားကောင်းတဲ့ ဒေသတွေကို စစ်ကြောင်းထိုးပြီး လူထုပိုင်နေအိမ်တွေကို မီးရှို့တာ၊အရပ်သားတွေကို ဓားစာခံအဖြစ် ဖမ်းခေါ်ပြီး သတ်ဖြတ်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများကြီးရှိနေတယ်လို့ ဒေသခံရင်းမြစ်တွေကလည်း သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုင်ငံဟာ သာမာန်အခြေအနေမဟုတ်တဲ့အတွက် နောက်ထပ် ၆ လ ထပ်မံတိုးယူထားတဲ့ စစ်ကောင်စီရဲ့ အရေးပေါ်ကာလသက်တမ်း (ဖေဖော်ဝါရီ) ပထမဆုံးလမှာတင် အမျိုးသမီးတွေ ဖမ်းဆီးခံရမှုကလည်း သိသိသာသာ တိုးလာနေပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တစ်လအတွင်းမှာ စစ်ကောင်စီတပ်က တိုင်းဒေသကြီး ၅ ခုနဲ့ ပြည်နယ် ၂ ခုရှိ အမျိုးသမီး ၃၅ ဦးကို မတရားဖမ်းဆီးခဲ့ပြီး မန္တလေးတိုင်းက ၁၅ ဦးနဲ့ အများဆုံးဖြစ်နေတာပါ။
ဖမ်းဆီးခံရသူတွေအများစုဟာ လူမှုကွန်ရက်စာမျက်နှာမှာ စစ်တပ်နဲ့ သူတို့ရဲ့အပေါင်းအပါ တွေကို ဆန့်ကျင်တဲ့ စာတွေ ရေးသားတာနဲ့ ပိုစ့်တွေကို မျှဝေတာကြောင့် ဖမ်းဆီးခံရတာလို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဆိုထားပါတယ်။
နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ ဖမ်းဆီးခံရတဲ့ အမျိုးသမီး စုစုပေါင်း ၃၁၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲက အမျိုးသမီး ၅၇၀ ဦးကို စစ်ကောင်စီက မတရားပြစ်ဒဏ်တွေ ချမှတ်ထားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOBYE