ထားဝယ်၊ မတ်(၄)

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ထဲမှာ KNU တပ်မဟာ(၄)နဲ့KTLA တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို စစ်ရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့ တနင်္သာရီတိုင်းအတွင်းရှိ နိုင်ငံရေးအင်အားစုအဖွဲ့ ၁၀ ဖွဲ့က မတ် ၂ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၄) နဲ့ ကော်သူးလေတပ်မတော် KTLA တို့ဟာ နှစ်ဖက် စစ်ရေး၊ အုပ်ချုပ်ရေး လုပ်ငန်းစဉ် အပါအဝင် အရပ်သား သတ်ဖြတ်ခံရမှုတွေအပေါ် အပြန်အလှန်စွပ်စွဲရာကနေ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားလာတဲ့အထိ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတာပါ။

ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့အကြား ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို တနင်္သာရီတိုင်းအတွင်းရှိ က ရင်တိုင်းရင်းသားတွေ အပါအဝင် စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူလူထုတစ်လုံး စိုးရိမ်ပူပန်လျက်ရှိတယ်လို့ နိုင်ငံရေးအင်အားစုအဖွဲ့ ၁၀ ဖွဲ့ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါကြောင့် KNU တပ်မဟာ (၄)နဲ့ KTLA တို့အကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်ခြင်းမပြုဘဲ ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးအဖြေရှာကြဖို့နဲ့ ဘုံရန်သူ စစ်အာဏာရှင်ကို စည်းလုံးညီညွတ်စွာ ပူးပေါင်းတော်လှန်ဖို့ တောင်းဆိုထားပါတယ်။

ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ရဲ့ ပဋိပက္ခဟာ ဒေသတွင်းပြည်သူတွေအတွက် အခက်အခဲကို ပိုမိုဖြစ်ပေါ်စေတဲ့အပြင် စစ်အာဏာရှင်တော်လှန်ရေးအတွက် များစွာထိခိုက်နိုင်တာကြောင့် တွေ့ဆုံညှိနှိုင်းအဖြေရှာပေးကြဖို့ တောင်းဆိုရတာလို့ တနင်္သာရီတိုင်း နိုင်ငံရေးအင်အားစု ပြောရေးဆိုခွင့်ရှိသူ ကိုဟိန်းထက်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကရင်လက်နက်ကိုင် ၂ ဖွဲ့အကြား ပဋိပက္ခ ပိုမိုပြင်းထန်လာတဲ့အတွက် ငြိမ်းချမ်းစွာအဖြေရှာဖို့ ကရင်တိုင်းရင်းသားအဖွဲ့အစည်းတွေအပြင် နိုင်ငံရေးအင်အားစုနဲ့တော်လှန်ရေးအင်အားစုတွေကလည်း တောင်းဆိုတာတွေ ရှိနေပါတယ်။

KNU တပ်မဟာ(၄)နဲ့KTLA တို့ဟာ နှစ်ဖက်အပြန်အလှန်စွပ်စွဲပြောဆိုမှုတွေကနေ ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီ ၁၇ ရက်နေ့နဲ့ ၂၀ ရက်နေ့တွေမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး KTLA စခန်းတစ်ခု သိမ်းဆည်းခံထားရသလို နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။

KTLA ကော်သူးလေတပ်မတော်ကို KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မြရဲ့ သားဖြစ်သူ အရင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောနယ်ဒါးမြက တည်ထောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.