ရေစကြို – ဖေဖော်ဝါရီ(၂၈)

မကွေးတိုင်းရေစကြိုမြို့နယ်က ပျူစောထီး(၅)ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့က အလည်သောင်အုပ်စု၊ဂွတ်ကြီးရွာကို စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး တပ်စခန်းအထိုင်ချဖို့ စတင်ချိန်မှာ အဓိက ကျသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဘက်ကပျူစောထီးရွာတွေဗျ။တရွာလုံးကပျူစောထီးတွေဗျ။ဘယ်သူမှလည်းသိပ်မရှင်းရဲကြဘူး။ သူတို့ရွာကိုတပ်စခန်းချဖို့အတွက်စာတင်ထားတာ၊လာမယ့်လဝက်လောက်မှာ သူတို့ပျူတွေနဲ့ စစ်ကောင်စီတပ်နဲ့ပေါင်းပြီးတော့ တပ်စခန်းချတော့မှာဗျ။အဲဒါကြောင့်မလို့ သူတို့ကိုသွားပြီးရှင်းလင်း ခဲ့တာလို့။” လို့ ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေကိုသွားရောက်ရှင်းလင်းချိန်မှာ သူတို့ရဲ့ ကင်းလှည့်တဲ့ အချက်အလက်တွေ၊ပျူစောထီးစာရင်းတွေနဲ့ ပြည်သူပိုင်မြေယာတွေကို သိမ်းဆည်းထားတဲ့ စာရွက်စာတမ်းတွေရရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဖေဖော်ဝါရီလ(၂၆) ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်က ဘဏ်ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို လက်နက်ကြီးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပေမယ့် ထိခိုက်သေဆုံးအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ Myingyan Black Tiger အဖွဲ့က သိရပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ(၂၁) ရက်နေ့ကလည်း ရေစကြိုအမှတ်(၂) စည်ပင်သာယာရပ်ကွက်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို တာဝေးပစ်ပခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့တာ ကြောင့် (၃)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၃) ရက်နေ့ကလည်း ရေစကြိုမြို့နယ် ငြိမ်းဇာနည်စခန်းကို MBT အပါအဝင် ကာကွယ်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က (၁၅) ဦးထက် မနည်းသေဆုံးထားတယ်လို့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.