မော်လမြိုင် – ဖေဖော်ဝါရီ(၂၈)

စစ်အာဏာရှင်ကိုတွန်းလှန်တိုက်ထုတ်နေတဲ့ နွေဦးတော်လှန်ရေးအရှိန်မြှင့်တင်ဖို့အတွက် အစိုးရ အဖွဲ့ဝင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ ဖေဖော်ဝါရီလ(၂၈) ရက်နေ့ မနက်ပိုင်းက ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၈) ကြိမ်မြောက်အစည်းအဝေးမှာ အခုလိုပြောခဲ့တာပါ။ “လူထုတရပ်လုံးဟာ စစ်အုပ်စုရဲ့ ရက်စက်မှုကို ခါးသီးနေကြပြီဖြစ်ပါတယ်။​

စစ်အုပ်စုကို လက် လျော့အရှုံးမပေးဘဲ အဆုံးအထိ တိုက်ဝင်ဖို့ အားလုံးက ယနေ့အထိ စိတ်ဆန္ဒပြင်းပြ နေကြဆဲ ဖြစ်ပါတယ်။ ကျနော်တို့အစိုးရ ကတ်ဘိနက်အဖွဲ့ဝင်များအနေဖြင့်လည်း လက်ရှိသွားနေတဲ့ အရှိန်ထက် မလျှော့ဘဲ ဆက်လက် အားတင်းကာ တော်လှန်ရေးအရှိန်ကို မြင့်တင်ဖို့ လိုအပ် ပါတယ်” လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။

ဒါ့အပြင် စစ်အာဏာရှင်တွေရဲ့ လက်အောက်မှာ တိုင်းပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှု လမ်းကြောင်းမရှိသလို လက်ရှိ အမျိုးသားညီညွတ်ရေးအစိုးရက တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားပြီး ပိုမိုစုံလင်တဲ့ စုဖွဲ့မှုကိုလည်း တိုးချဲ့ဖို့ စိတ်ဆန္ဒရှိသလို NUG ကသာ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို အာမခံချက်ပေးနိုင်မှာဖြစ်တယ်လို့ ပြောပါသေးတယ်။

အဲဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ နေ့စဉ်နဲ့အမျှ အကြမ်းဖက် လုပ်ရပ်တွေကြောင့် လက်ရှိမြန်မာနိုင်ငံရဲ့ တိုင်းရင်းသားပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို စာနာပြီး ရပ်တည်ပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ စစ်အုပ်စုကြောင့် သိန်းနဲ့ချီတဲ့ ပြည်သူတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေ ရပြီး စစ်ပြေးဒုက္ခသည်အဖြစ် နေရသလို စစ်အုပ်စုက အပစ်မဲ့ပြည်သူတွေကို အကြမ်းဖက်ပြီး လူမဆန်စွာ နေ့စဉ်နဲ့အမျှ သတ်ဖြတ်နေသလို အကြမ်းဖက်ဆန်မှုကို ကမ်းကုန်အောင် ကျူးလွန် နေကြတာဖြစ်တယ်လို့ ယာယီသမ္မတက အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.