လွိုင်ကော်၊ ဖေဖော်ဝါရီ(၂၈)

ကယားပြည်နယ်နဲ့ ထိုင်းနိုင်ငံနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ကရင်နီပြည်နယ်တပ်မတော်နဲ့ KNDF ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီစစ်ရေးသတင်းအချက် အလက်စင်တာ(KMIC) က ထုတ်ပြန်ထားပါတယ်။

KMIC ရဲ့အချက်အလက်တွေက ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း နယ်စပ်စခန်းတွေကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်တွေ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၆) ရက်နေ့မနက်အစောပိုင်းကလည်း ရှားတောမြို့ ဗျူဟာကုန်းကို ရိက္ခာသယ်ယူနေတဲ့ စစ်ကောင်စီတပ်ကို KA နဲ့ KNDF တို့က တိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်ဟာ ရှားတောမြို့အရှေ့ဘက်(၉) မိုင်အကွာမှာရှိတဲ့ သံလွင်မြစ်ကမ်းခြေ တာတမောစခန်းကနေ ရှားတောမြို့ ဗျူဟာကုန်းကို ဒေသခံတွေရဲ့ မော်တော်ယာဉ်ငယ်တွေသုံးပြီး ရိက္ခာသယ်ယူခဲ့တာပါ။

ရိက္ခာသယ်နေတဲ့ စစ်ကောင်စီတပ်ကို ရှားတောမြို့နဲ့ စလောင်းကျေးရွာကြား ချောင်းဆုံတနေရာ အရောက်မှာ ကာကွယ်ရေးတပ်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅) ဦးသေ ဆုံးခဲ့တယ်လို့ KA က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲမှာ လမ်းကင်းလုံခြုံရေးယူပေးတဲ့ စစ်ကောင်စီတပ်က (၈၁)မမ လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ KA ရဲဘော်တစ်ဦး ခြေသလုံးကျည်စထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး ရှမ်းပြည်ဘက်ကနေ သံလွင်မြစ်အတိုင်း စက်လှေတွေနဲ့ စုံဆင်းပြီး ရှားတောမြို့နယ်၊ တာတမောစခန်းမှာ ရိက္ခာတွေစုပုံထားဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း နယ်စပ် BP-12 အနီးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ဟွေခမောက်စခန်း (ပွိုင့်-၁၄၄၁) ကိုစစ်ကောင်စီ ရဟတ်ယာဉ်တစ်စီးရိက္ခာလာပို့စဉ် တော်လှန်ရေးအင် အားစုတွေက မြေပြင်ကနေ ဆက်တိုက်ပစ်ခတ်ခဲ့လို့ ပြန်လှည့်ပြန်သွားခဲ့ရပါသေးတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ -KMIC

ပုံစာ – ဖေဖော်ဝါရီလ ၁၉ရက်နေ့က Bp – 12 နယ်စပ်စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်သား ၅ဦးကို KAက အရှင်ဖမ်းမိစဥ်..။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.