ဒီးမော့ဆို – ဖေဖော်ဝါရီ(၂၈)

ကယားပြည်နယ် ဒီးမော့ဆိုနဲ့ မိုးဗြဲ၊ဖယ်ခုံတို့မှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ကြောင့် ဒေသခံနှစ်ဦးသေဆုံးပြီးခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၇) ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဟာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီလက်နက်ကြီးတွေဟာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကို ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို ၁၂၀-မမ လက်နက်ကြီးဟာလည်း စစ်ရှောင် မိသားစုတစ်ခုရဲ့ တဲအိမ်နားကျရောက်ပေါက်ကွဲခဲ့ပြီးအသက်(၃၀) အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးထားပါတယ်။

တဲအိမ်ပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် မိသားစု(၃)ဦးလုံး ထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးရဲ့ ဘယ်ဘက်လက်ကျိုးကြေဒဏ်ရာနဲ့ အမျိုးသမီးတစ်ဦးရဲ့ တင်ပါးဆုံ မှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

စစ်ကောင်စီလက်နက်ကြီးတွေဟာ ဒေါတမကြီးကျေးရွာ အပြင်ဘက်မှာ(၄)လုံး၊ ဒေါညေးခူ ကျေးရွာအတွင်း(၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေါညေးခူရွာသား(၂)ဦးနဲ့ အမျိုးသမီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိသူတွေထဲက အသက်(၇၅) နှစ်အရွယ် သက်ကြီးရွယ်အိုတစ်ဦး မှာဆေးရုံပို့ဆောင်စဉ် လမ်းမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ဘောလခဲအခြေစိုက်စစ်ဗျူဟာကနေ M-120 လက်နက်ကြီးကျည်တွေနဲ့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းကို ပစ်ခတ်ခဲ့ပါသေးတယ်။

ဖယ်ခုံအခြေစိုက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မိုးဗြဲ၊ဖယ်ခုံအနောက်ဘက် ခြမ်း ကျေးရွာတွေကို လက်နက်ကြီး ကျရောက်ခဲ့ပြီး အသက်(၂၇) နှစ်အရွယ်အမျိုးသားတစ်ဦးနဲ့ အသက် (၄၇) နှစ်အရွယ်အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ PDF က ဒီနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်ထဲကို လေကြောင်းတိုက်ခိုက်တာ၊စစ်ကြောင်းထိုးရှင်းလင်းတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်ဘေးရှောင်နဲ့ အရပ်သားသေဆုံးမှု (၄၃၀)ဦးအထိရှိနေပြီဖြစ်တယ်လို့ တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.