ဟနွိုင်း၊ ဖေဖော်ဝါရီ(၂)
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းမှာ တိုက်လေယာဉ်လေ့ကျင့်ပျံသန်းမှုအတွင်း လေယာဉ်တစ်စင်းပျက်ကျပြီးနောက် လေယာဉ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာကဖော်ပြထားပါတယ်။
ရုရှားနိုင်ငံထုတ် Sukhoi Su-22 လေယာဉ်ကို ဗီယက်နမ်ပြည်သူ့တပ်မတော် လေတပ်လေ့ကျင့်ရေးမှာ အသုံးပြုခဲ့ပြီး တောင်ကြောထူထပ်တဲ့ ယန်ဘိုင်ပြည်နယ်ရှိ စစ်လေဆိပ်တစ်ခုမှာ ဇန်နဝါရီ၃၁ရက်နေ့က ပျက်ကျခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီရဲ့ ဖော်ပြချက်အရ သိရပါတယ်။
“လေယာဉ်မှူးကို လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ချဖို့ အမိန့်ထုတ်ခဲ့ပေမယ့် လေယာဉ်ကို ပြန်ထိန်းနိုင်ဖို့ ကြိုးစားရင်း သေဆုံးသွားခဲ့ပါတယ်” လို့ဗီယက်နမ်သတင်းအေဂျင်စီက ဖော်ပြထားပြီး ပျက်ကျရခြင်း အကြောင်းအရာအသေးစိတ်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။
ဗီယက်နမ်ရဲ့ အရပ်ဘက်လေကြောင်းကဏ္ဍဟာ လုံခြုံစိတ်ချရတဲ့အသိအမှတ်ပြုမှုတွေ ရထားပေမယ့်လည်း စစ်သုံးလေယာဉ်တွေနဲ့ ပတ်သက်တဲ့ မတော်တဆမှုတွေဟာ ပိုအဖြစ်များတယ်လို့လည်း သိရပါတယ်။
၂၀၁၆ ခုနှစ် အောက်တိုဘာလက Ba Ria-Vung Tau ပြည်နယ်တောင်ပိုင်းမှာ စစ်ရဟတ်ယာဉ်တစ်စီး ပျက် ကျခဲ့ပြီး လေယာဉ်မှူး ၃ ဦး သေဆုံးခဲ့တာပါ။
အဲဒီနှစ်အစောပိုင်းမှာလည်း စစ်သုံးလေယာဉ်နဲ့ မတော်တဆမှုသုံးခု ဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး သေဆုံးခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံရဲ့ အဆိုးရွားဆုံး စစ်ရေးမတော်တဆမှုတစ်ခုအနေနဲ့ ရုရှားနိုင်ငံထုတ် Mi-171 ရဟတ်ယာဉ် တစ်စင်းဟာ မြို့တော်ဟနွိုင်းမှာ ၂၀၁၄ ခုနှစ်က လေ့ကျင့်မှုတစ်ခုအတွင်းပျက်ကျပြီးနောက် လူ ၁၉ ဦး သေဆုံး ခဲ့ဖူးပါတယ်။
Ref,Straits Times