သံတောင်၊ ဖေဖော်ဝါရီ(၁)

ကရင်ပြည်နယ် သံတောင်မြို့မှာ စစ်ကောင်စီတပ်က အရာရှိတစ်ဦးပစ်ခတ်ခံရပြီးတဲ့နောက် မြို့ပေါ်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဘုရားကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး မြို့ခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၇)ရက်နေ့က သံတောင်မြို့(၁၃ မိုင်) သံတောင်-ဘောဂလိလမ်းဆုံမှာရှိတဲ့ စစ်ကောင် စီဂိတ်စခန်းကို ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့က စနိုက်ပါနဲ့ လာရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အရာရှိအဆင့်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ သံတောင်မြို့ပေါ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်နေသလို ဒေသခံတွေအပေါ်ကိုလည်း ရိုက်နှက်စစ်ဆေး ဖမ်းဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အခုရက်ပိုင်းတွေထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် သံတောင်မြို့က ရှင်မာကုခရစ်ယာန် ဘုရားကျောင်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့သလို ရပ်ကွက်(၃)မှာ နေအိမ်(၁)လုံးနဲ့ ကျေးဇူးတော်ကုန်းရပ် ကွက်က နေအိမ်(၃)လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကာ မြို့ခံတွေအများအပြား ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံအရေအတွက်ကိုတော့ အတိအကျမသိရသေးပေမယ့် အနည်းဆုံး ရာနဲ့ချီထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။လတ်တလောမှာ သံတောင်-တောင်ငူ ကားလမ်းမှာ စစ်ကောင်စီတပ်က အင်အားအများပြား ချထားပြီး သွားလာသူတွေကို စစ်ဆေးမှုတွေတင်းကြပ်စွာ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သံတောင်မြို့(၁၃ မိုင်)ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၂)မှာ တည်ရှိပြီး တပ်မဟာ (၂)နယ် မြေထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကာ တိုက်ပွဲကြောင့် ဒေသခံလူထုအများအပြားလည်း ထွက်ပြေးတိမ်းရှောင်ရတာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.