မြဝတီ၊ ဇန်နဝါရီ(၁)

ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA PC ထိန်းချုပ်ရာ ထို့ကော်ကိုး ဒေါနတောင်ပေါ်ကားလမ်းပေါ်မှာ သွားလာနေတဲ့ သာမန်ခရီးသွားပြည်သူကားတွေအပေါ် ငွေကြေးကောက်ခံမှုမရှိဘဲ စီးပွားရေးအရ သွားလာနေတဲ့ ခရီးသွားယာဉ်တွေအပေါ်မှာသာ ငွေကြေးကောက်ခံခဲ့တာဖြစ်တယ်လို့ KNU/KNLA PC ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ ကော့ကရိတ်တိုက်ပွဲအခြေအနေကြောင့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးဟာ ပိတ်ထားခဲ့ရပြီး ယာဉ်အသွားအလာတွေ ရပ်တန့်ခဲ့ရတဲ့အတွက် ခရီးသွားတွေကတော့ ကော့ကရိတ်မြို့မြောက်ဘက်ပိုင်းမှာရှိတဲ့ KNU/KNLA PC ထိန်းချုပ်ရာနယ်မြေထဲက ထို့ကော်ကိုးတောင်ပေါ်လမ်းကို အသုံးပြုသွားလာနေရတာဖြစ်ပါတယ်။ထို့ကော်ကိုးတောင်ပေါ်လမ်းဟာ မြေသားလမ်းဖြစ်ပြီး ကားကြီးတွေသွားလာလို့မရဘဲ ကားငယ်တွေသာ သွားလာခွင့်ရတာဖြစ်ကာ ထို့ကော်ကိုးကနေတစ်ဆင့် သင်္ကန်းညီနောင်နဲ့ မြဝတီမြို့ဘက်ကို ရောက်ရှိတာဖြစ်ပါတယ်။

လတ်တလော သွားလာမှုများပြားနေတဲ့ ထို့ကော်ကိုးလမ်းပိုင်းက ခရီးသွားယာဉ်တွေအပေါ်ကို KNU/KNLA PC ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးကောက်ခံတဲ့ကိစ္စရပ်နဲ့ပတ်သက်ပြီး KNU/KNLA PC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က အခုလိုပဲ ပြန်လည်ရှင်းလိုက်ပါတယ်။

“သတင်းတွေကမမှန်ဘူးလို့လည်း ကျွန်တော်အတိအကျ မငြင်းဆိုပါဘူး။ ဒီလိုမျိုးသွားလာနေတဲ့ ခရီး သည်တွေရဲ့ကားတွေအပေါ်မှာသော်လည်းကောင်း၊ စီးပွားရေးအရလုပ်ကိုင်ဆောင်ရွက်နေရတဲ့ အပေါ်မှာသော်လည်းကောင်း၊ ကျွန်တော်တို့အနေနဲ့ ဌာနချုပ်ကနေပြီးတော့မှ ညွှန်ကြားမှုတွေလည်းလုပ်တာရှိတယ်။ အဓိကတော့ဗျာ၊ သာမန်ခရီးသွားပြည်သူတွေအနေနဲ့ ကျွန်တော်တို့က ကောက်ခံတာမရှိပါဘူး။ သို့သော်လည်း စီးပွားရေးအရ သွားလာနေတဲ့ စီးပွားရေးလုပ်ဆောင်နေတဲ့ မော်တော်ယာဉ်တွေကို လုံခြုံရေးအရသော်လည်းကောင်း၊ သိပ်ပြီးတော့ခိုင်ခိုင်မာမာမရှိသေးတဲ့ ကျွန်တော်တို့ရဲ့လမ်းကို ပြုပြင်ထိန်းသိမ်းမှုအရသော်လည်းကောင်း၊ အဆင်ပြေသလိုကောက်ခံတာတို့ဘာတို့ရှိတယ်လို့ ကျွန်တော်တို့ကတော့နားလည်ပါတယ်” လို့ဆိုပါတယ်။

အခုလက်ရှိ ခရီးသွားယာဉ်တွေအပေါ် ငွေကြေးကောက်ခံမှုအပိုင်းမှာ အရင်ကလိုမျိုး စနစ်တကျ စီမံခန့်ခွဲမှုနဲ့ သွားလာနေတဲ့ အခင်းအကျင်းမဟုတ်တဲ့အတွက်ကြောင့် တကယ်လက်တွေ့ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကြားနဲ့ ပြည်သူလူထုအကြားမှာ မဖြစ်သင့်တာတွေ၊ စနစ်မကျတဲ့ အပိုင်းတွေရှိကောင်းရှိနေနိုင်တယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုပါတယ်။

အဲ့ဒီကိစ္စရပ်တွေအတွက် KNU/KNLA PC ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ အရေးပေါ်အစည်းအဝေးထိုင်ပြီး ပြည်သူလူထုတွေအပေါ်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို စီစဉ်ညွန်ကြားဆောင်ရွက်ထားပြီဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုပါတယ်။

“အဓိကတော့ဗျာ။ တစ်နိုင်ငံလုံးရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်းကာလမှာ ပြည်သူတွေလဲ အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ ပြည်သူလူထုရဲ့ သွားရေး၊ လာရေးအတွက် အကူအညီပေးနိုင်တဲ့တစ်စုံတစ်ရာ မလုပ်ဆောင်ပေးနိုင်သည့်တိုင်အောင်တောင်မှ သွားလာနေတဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေနိုင်အောင်တော့ ကျွန်တော်တို့သက်ဆိုင်ရာခေါင်း ဆောင်တွေကို ပြီးခဲ့တဲ့ညတုန်းကပဲ အားချင်းအစည်းအဝေးထိုင်ပြီးတော့ အခုဆိုရင် ခေါင်းဆောင်များက စီစဉ်လုပ်ဆောင်နေပြီဖြစ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

KNU/KNLA PC ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဟာ ကော့ကရိတ်မြောက်ပိုင်း ထို့ကော်ကိုးဒေသမှာ အခြေစိုက်ပြီး NCA လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သလို စစ်ကောင်စီနဲ့လည်း ငြိမ်းချမ်းရေး သွားရောက်တွေ့ဆုံတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

ဒါ့အပြင် KNU/KNLA PC ကရင်ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ ၃၀ရက်နေ့ထိ ၄ ရက်ကြာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးကော်မတီနဲ့ သွားရောက် တွေ့ဆုံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.