ဘေဂျင်း၊ ဒီဇင်ဘာ(၃၁)

တောင်တရုတ်ပင်လယ်အတွင်း တရုတ်တိုက်လေယာဉ်တစ်စင်းဟာ အမေရိကန် ကင်းထောက်လေယာဉ် တစ်စင်းကို ကြားဖြတ်ဟန့်တားခဲ့တဲ့အတွက် ရှောင်တိမ်းပေးခဲ့ရကြောင်း အင်ဒို-ပစိဖိတ်ဒေသရှိ ဒေသတွင်း အမေရိကန်စစ်ရေးဆိုင်ရာ ကွပ်ကဲမှုတာဝန်ရှိသူက ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၂၁ ရက်က တရုတ်ရေတပ်ပိုင် J-11 တိုက်လေယာဉ်တစ်စင်းဟာ လူ ၃၀ ခန့်လိုက်ပါလာတဲ့ RC-135 Rivet Joint အမေရိကန်ကင်းထောက်လေယာဉ်ရဲ့ မျက်နှာစာမှ ပေ ၂၀ အတွင်း ကြားဖြတ်ပျံသန်းခဲ့ပြီး တိုက်မိ မှုမဖြစ်စေဖို့အတွက် ရှောင်လွှဲမှုတွေ ပြုလုပ်ခဲ့ရကြောင်း INDOPACOM ရဲ့ ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထား ပါတယ်။

RC-135 အမေရိကန်ကင်းထောက်လေယာဉ်ဟာ တောင်တရုတ်ပင်လယ်ရှိ နိုင်ငံတကာလေပိုင်နက်တွင်ရှိနေခဲ့ ပြီး ပုံမှန်စစ်ရေးလှုပ်ရှားမှုတွေကို တရားဝင်လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း INDOPACOM မှ ပြောကြား ခဲ့ပါတယ်။

INDOPACOM ရဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ဗီဒီယိုထုတ်ပြန်ချက်မှတော့ တရုတ်တိုက်လေယာဉ်ဟာ RC-135 ရဲ့ လေယာဉ်ထိပ်ဖျားမှ ပျံတက်သွားတာကို ပြသထားပြီး လေယာဉ်နှစ်စင်း နီးကပ်လာတာနဲ့အမျှ တရုတ်ဂျက် လေယာဉ်က သူ့ထက် ပိုကြီးတဲ့ အမေရိကန်လေယာဉ်နဲ့အမြန်နှုန်းကို လိုက်မမီပေမယ့် ဘေးကင်းမှုရှိတဲ့ အနေအထားနဲ့ ပျံသန်းခဲ့တာကြောင့် RC-135 ဟာ ရှောင်တိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီလိုနှစ်နိုင်ငံကြား လေကြောင်းပျံသန်းမှုဆိုင်ရာ ထိတွေ့မှု အများစုမှာ ဘေးကင်းပြီး ပရော်ဖက်ရှင်နယ်ကျ ကြောင်း  အဲဒီအရာရှိက ပြောပါတယ်။

ဒါပေမယ့် ဘေးကင်းမှုမရှိဘူးလို့ အမေရိကန်အနေနဲ့ ယူဆပါက တရုတ်အစိုးရကို သံတမန်ရေးနဲ့ စစ်ရေးလမ်း ကြောင်းတွေကနေ တဆင့် တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။
တောင်တရုတ်ပင်လယ်ကို တရုတ်နိုင်ငံကသူ့ရဲ့ ရေပိုင်နက်အစိတ်အပိုင်းအဖြစ် တောင်းဆိုထားပြီး အငြင်းပွားဖွယ်ရေပိုင်နက်အတွင်းရှိ ကျွန်းအတွေ အပါအဝင် တချို့ကိုတော့ စစ်ရေးအရ သိမ်းပိုက် ထားပါတယ်။  

အမေရိကန်ဟာ အဲဒီနယ်မြေပိုင်ဆိုင်မှုကို အသိအမှတ်မပြုဘဲ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု အပါအဝင် အဲဒီနေရာမှာ စစ်ဆင်ရေးတွေကို ပုံမှန်လုပ်ဆောင်နေခဲ့တာလည်း ဖြစ်ပါ တယ်။

ဒါ့အပြင် အမေရိကန် နဲ့  Indo-Pacific Joint Force အနေနဲ့ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေ သအတွက် ရည်ရွယ်ပြီး နိုင်ငံတကာဥပဒေအရ သင်္ဘောတွေနဲ့ လေယာဉ်တွေအားလုံး ဘေးကင်းရေးအတွက် ပင်လယ်ပြင်နဲ့ နိုင်ငံတကာလေပိုင်နက်အတွင်း ပုံမှန်အတိုင်း လုပ်ငန်းတွေဆက်လက်လည်ပတ်ဆောင်ရွက် သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.