ဘီလင်း၊ ဒီဇင်ဘာ(၃၁)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ တိုက်ပွဲမရှိဘဲ ကျေးရွာတွေထဲကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီ မဲပလီတပ်စခန်းကနေ တောင်ကလေးကျေးရွာထဲကို လက်နက်ကြီး အချက် ၅၀ ထက်မနည်း ပစ်ခတ်ခဲ့တာပါ။စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ တောင်ကလေးကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သလို နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းမှာလည်း မဲပလီစတပ်စခန်းကနေ ဇီးကုန်းကျေးရွာထဲကို လက်နက်ကြီး ၅ ချက်ထက်မနည်း ထပ်မံပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ KNUသထုံခရိုင် အတွင်းရေးမှူးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကလေး၊ ဇီးကုန်းကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာကို ယာယီထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကလည်း ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာရှိ စစ်ကောင်စီ ခမရ(၄၀၄)တပ်ကနေ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အစူးချောင်းကျေးရွာက အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ၂ ဦး သေဆုံးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.