မော်လမြိုင်၊ ဒီဇင်ဘာ (၃၁)

တရုတ်နိုင်ငံဟာ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ချမှတ်ထားတဲ့ ကန့်သတ်ချက်တချို့ကို ဖြေလျော့လာတာကြောင့် လာမယ့်နှစ်ဆန်းပိုင်းမှာ နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို ပြန်ဖွင့်ပေးလာနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက သုံးသပ်တာပါ။

တရုတ်နိုင်ငံဟာ ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားတဲ့အချိန်ကစပြီး နယ်စပ်ကုန်သွယ်ရေးဂိတ်တချို့ကို လုံးဝပိတ်ထားခဲ့သလို တချို့ကုန်သွယ်ရေးဂိတ်တွေမှာတော့ ကုန်ပစ္စည်းတင်သွင်းရာမှာ တင်းကျပ်တဲ့ စည်းကမ်းချက်တွေနဲ့ ကုန်သွယ်ခွင့်ပြုခဲ့တာပါ။

အခုလိုတင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ကုန်သွယ်မှုအများစု လုပ်ငန်းရပ်ဆိုင်းခဲ့သလို မဖြစ်မနေတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေကိုသာ ကုန်သွယ်ခဲ့တာ ဖြစ်ပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးကတော့ တရုတ်ဘက်က ဇန်နဝါရီလ (၈)ရက်နေ့ကစပြီး ပြည်ပနိုင်ငံကနေ ဝင်ရောက်လာသူတွေကို ကွာရန်တင်းဝင်စရာမလိုကြောင်း ကန့်သတ်မှုတွေဖြေလာတာကြောင့် လာမယ်နှစ်ဆန်းပိုင်းမှာ ကုန်သွယ်ရေးဂိတ်အားလုံး ပြန်ဖွင့်လာနိုင်ဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

“နယ်စပ်မှာတော့ ကိုဗစ်စည်းကမ်းချက်တွေကို တော်တော်လေးလျော့လိုက်တယ်။ နောက်တစ်ခုက တရုတ်မှာလည်း ဇန်နဝါရီ (၈) ရက်နေ့ကစပြီးတော့ ပြည်ပနိုင်ငံကနေပြီးတော့ တရုတ်နိုင်ငံထဲကို ဝင်ရောက်လာတဲ့သူတွေ Quarantine ဝင်စရာမလိုတော့ဘူး။ တရုတ်နိုင်ငံကတော့ တဖြည်းဖြည်းဖြေလျော့မှုတွေလုပ်လာပြီ။ ဂိတ်ဖွင့်မယ်လို့ အားလုံးက မျှော်လင့်နေကြတယ်။ တချို့ကလည်း တရုတ်နှစ်သစ်ကူးပြီးရင် ဂိတ်တွေပြန်ဖွင့်မယ်လို့ ပြောတယ်။ ဒီကနေထိတော့ ခွင့်ပြုချက်က မထွက်လာသေးဘူး။ (၅၀) (၅၀) လောက်ပဲ”လို့ ဆို ပါတယ်။

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဟာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ ကုန်သွယ်မှု ၆၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး တချို့ကာလတွေမှာတော့ တရုတ်ဘက်က ကုန်သွယ် ရေးဂိတ်အားလုံးကို ပိတ်ထားခဲ့အတွက် ရာနှုန်းပြည့်နီးပါး ကုန်သွယ်မှုရပ်တန့်ခဲ့တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံနယ်စပ်ဂိတ်တွေ အားလုံး ဖွင့်လှစ်လိုက်ပါက လူဝင်လူထွက်အပြင် ကုန်ပစ္စည်းတွေ ပိုမိုတင်းသွင်းလာနိုင်သလို အလုပ်လက်မဲ့သူတွေ အဆင်ပြေလာနိုင်တာကြောင့် အခုအစီအစဉ်ကို ကြိုဆိုတယ်လို့ နယ်စပ်ကုန်သည်တစ်ဦးက ဆိုပါတယ်။

“ဂိတ်တွေပိတ်လိုက်တော့ လူအဝင်အထွက် လုပ်လို့မရဘူး။ ဂိတ်ကလည်း ဂိတ်(၅)ခု ရှိတာ ကျင်စန်းကျော့ ဂိတ်တစ်ခုပဲဖွင့်တယ်။ ဂိတ်အားလုံးကို တပြိုင်တည်းဖွင့်မယ်ဆိုရင်တော့ ပြောစရာတောင်မရှိဘူး။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဟာ အများကြီးတိုးတက်လာမှာ။ ကိုဗစ်မဖြစ်ခင်အခြေအနေ ပြန်ရောက်သွားမယ် ကျိန်းသေပါ။ ဂိတ်တွေသာဖွင့်မယ်ဆိုရင်တော့ ကုန်သည်တွေအနေနဲ့ရော၊ လက် လုပ်လက်စားတွေအနေနဲ့ရော၊ နှစ်နိုင်ငံနယ်စပ်မှာရှိနေတဲ့သူတွေ မှန်သမျှရော အားလုံးကကြိုဆိုရမှာပေါ့။ ဂိတ်ပြန်ဖွင့်မယ်ဆိုရင်တော့ အတိုချုံးပြီး ပြောရရင် အင်မတန်မှကောင်းတဲ့အစီအစဉ်ပါပဲ”လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာတော့ နယ်စပ်ကုန်သွယ်ရေး ဂိတ်(၅)ခု ရှိတဲ့အနက် လက်ရှိမှာ ကျင်စန်းကျော့ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားပြီး နေ့စဉ်ကားအစီးရေး (၁၃၀) ဝန်းကျင်နဲ့ ကုန်သွယ်မှု ပြုလုပ်နေတယ်လို့ ကုန်သည်တွေကပြောပါတယ်။

မြန်မာနိုင်ငံဟာ နယ်စပ်ကုန်သွယ်ရေးဂိတ်ကတဆင့် တရုတ်နိုင်ငံထဲကို ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ ဆီထွက်သီးနှံ၊ ပဲအမျိုးမျိုး၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ မီးဖိုချောင်သုံး ပစ္စည်းတွေအပါအဝင် ရေထွက်ကုန်တွေကို အဓိကတင်ပို့နေတာပါ။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံထဲကို ဆောက်လုပ်ရေးသုံးကုန်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စက်မှုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ဆေးဝါး၊ လူသုံးကုန်၊ စားသောက်ကုန်အပြင် တခြားသောအထွေထွေသုံးကုန်ပစ္စည်းတွေကိုပါ တင်သွင်းနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.