ထီးလင်း – ဒီဇင်ဘာ(၃၀)

မကွေးတိုင်း ထီးလင်းမြို့နယ်က ကျေးရွာလေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက (၄) ရက်ဆက် တိုက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ်(၁၁)လုံးနဲ့ ဇရပ်တစ်လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၅) ရက်ကနေ (၂၈) ရက်နေ့အထိ ထလင်းကျေးရွာ၊ဝက်သက်တောင်ရွာနဲ့ ဝက်သက်အရှေ့ပြင်ရွာ၊ ဝက်သက်မြောက်ရွာတို့ကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တာပါ။

ထီးလင်းမြို့နယ်က ကျေးရွာ (၄) ရွာကိုမီးရှို့ခဲ့တဲ့ စစ်ကြောင်းဟာ ထီးလင်းမြို့ပေါ် ရွှေထီးခန်းမ မှာ အထိုင်ချနေတဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးမှာပါဝင်နေတယ်လို့ ထင်ခံရသူတွေရဲ့ အိမ်တွေကို နာမည်စာရင်းတွေနဲ့တကွ အတိအကျလိုက်ရှို့တာဖြစ်ပြီး မီးဘေးသင့်ပြည်သူတွေကို နီးစပ်ရာမိသားစုတွေက ကူညီပေး ထားတယ်လို့ ဒေသံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မီးဘေးသင့်ပြည်သူတွေအတွက် စစ်ဘေးရှောင်စခန်း တည်ဆောက်နိုင်ဖို့ ပြင်ဆင်ပေး နေတယ်လို့ သူက ပြောပါတယ်။

ထလင်းရွာက ဦးဝင်းမြင့် ဦးအောင်မြင့်ဟိန်း ဦးသန်းဝင်းဦးတို့နေအိမ်တွေကို ဒီဇင်ဘာလ (၂၅) ရက်နေ့က မီးရှို့ခဲ့ပြီးဝက်သက်အရှေ့ပြင်ရွာက ကိုဇော်၊ကိုဟန်ထွန်း၊ ကိုအရိုး (ခ)ကိုနိုင်နိုင်၊ ကိုကျော်ဖေ နဲ့ဝက်သက်တောင်ရွာက ဦးမြင့်ကျော်၊ဦးတက်လင်း၊ ဦးကျော်ဆန်းနဲ့ ကျေးရွာပိုင် ဌာနေဇရပ်တို့ ဒီဇင်ဘာလ (၂၆) ရက်က မီးရှို့ခံခဲ့ရတာဖြစ်ကာ ဒီဇင်ဘာ (၂၈)ရက်နေ့မှာတော့ ဝက်သက်မြောက်ရွာက ကိုဆန်းအောင်နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့တာလို့သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ် က ပြည်သူတွေရဲ့ နေအိမ် (၃) သောင်းကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးထားတယ်လို့ ဒေသ တွင်းအဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေရဲ့ နေအိမ်တွေကို အစုလိုက်အပြုံလိုက်မီးရှို့ဖျက်ဆီးမှုတွေကို စစ်ကောင်စီက သူတို့ လက်ချက်မဟုတ်ဘူးလို့ အမြဲလိုလို ငြင်းလေ့ရှိပြီး လွတ်လပ်တဲ့ သတင်းမီီဒီယာတွေနဲ့ ဒေသခံ တွေက ဖြစ်စဉ်အသေးစိတ်နဲ့ ဓာတ်ပုံတွေ ထုတ်ပြန်နေတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်မတိုင်ခင်က ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ရိုဟင်ဂျာလူမျိုး တွေနဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လူ့အခွင့်အရေးချိုးဖောက် တာနဲ့ လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ အတွက် အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ အမှုရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.