ကော့ကရိတ်၊ ဒီဇင်ဘာ (၃၁)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့ပြီးတဲ့နောက် တပ်အင်အားတိုးချဲ့တွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ KNLA ပူးပေါင်းအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကျားဖြူတပ်ခွဲ(၁)က သံလွင်တိုင်းမ်ကို ပြောပါတယ်။
နှစ်ပတ်နီးပါးကြာ စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေတဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မ ဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၂၇)ရက်နေ့က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားခဲ့ပြီးနောက် နောက်ရက်တွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ဆင်မှု မရှိသေးပေမယ့် တပ်အင်အားတိုးချဲ့တာတွေ လုပ်ဆောင်နေတယ်လို့ ကျားဖြူတပ်ခွဲ(၁) သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ(၂၇)ရက်နေ့က ကော့ကရိတ်မြို့ ကော့နွဲ့ကျေးရွာအနီးမှာ လေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ကူနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့သလို ကော့နွဲ့ကျေးရွာအတွင်းရှိ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့ထံက သိရပါတယ်။
လတ်တလောမှာ ကော့ကရိတ်တိုက်ပွဲကြောင့် ကျေးရွာပေါင်း(၆)ရွာက ဒေသခံပြည်သူ(၂၀၀၀)ဝန်းကျင်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အနွေးထည်စတဲ့ အကူအညီတွေ လိုအပ်လျက်ရှိနေတယ်လို့ စစ်ရှောင်အရေးဆောင်ရွက်နေသူတွေက ဆိုပါတယ်။
ကော့ကရိတ်တိုက်ပွဲကြောင့် လမ်းပိုင်းတချို့နဲ့ တံတား ၃ စီးထိခိုက်ပျက်စီးခဲ့တဲ့အတွက် ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေး ရပ်တန့်လုနီးပါး ဖြစ်လာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်