ဘီးလင်း၊ ဒီဇင်ဘာ(၃၀)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးစောစိုးသိန်းဟာ ဒီဇင်ဘာ ၂၉ ရက်နေ့ မနက် ၇ နာရီလောက်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်းကို အမည်မသိသေနတ်သမားတွေက ဆိုင်ကယ်နဲ့ ရောက်ရှိလာပြီးနောက် နေအိမ်အရှေ့မှာပဲ သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် အုပ်ချုပ်ရေးမှူးဦးစောစိုးသိန်းဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ်တွေမှာ သေနတ်ဒဏ်ရာ ၆ ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

ဒေသခံတွေအဆိုအရ အုပ်ချုပ်ရေးမှူးဦးစောစိုးသိန်းဟာ ရွာသူ၊ရွာသားတွေကို ခြိမ်းခြောက်တာ၊ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် နာမည်ဆိုးနဲ့ကျော်ကြားနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဦးစောစိုးသိန်းကိုတော့ စစ်ကောင်စီတပ်က လာရောက်စစ်ဆေးပြီးနောက် အလောင်းကို ဘီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ၊ သတင်းပေးဒလန် ၂၀ ဦးထက်မနည်း ပစ်ခတ်ရှင်းလင်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.