နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်။
မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာ ကွယ်ရေးအက်ဥပဒေ NDAA ဟာ အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်းနဲ့အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်ဆိုပြီး စစ်ကောင်စီဘက် က အပြင်းအထန်ကန့်ကွက်နေပါတယ်။ ဒါကြောင့် NDAA ဥပဒေအပေါ် စစ်ကောင်စီ ဘာကြောင့် အပြင်းအထန်ကန့်ကွက် နေတာလဲ။ NDAA ဥပဒေက ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံးအနေနဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ NDAAကို စစ်ကောင်စီ ဘာကြောင့် အပြင်းအထန် ကန့်ကွက်နေတာလဲ။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
NDAAကို အမေရိကန်အထက်လွှတ်တော် အောက်လွှတ်တော်သဘောတူတဲ့နောက် သမ္မတဘိုင်ဒန် လက်မှတ်ထိုးတဲ့ကိစ္စက မြန်မာပြည်က စကစအတွက်တော့ နိုင်ငံရေးအရအရှိုက်ကို ထိုးခံလိုက်ရတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ NDAAနဲ့ ပတ်သက်တဲ့ ကိစ္စကိုအပြင်းအထန်ကန့်ကွက်ကြောင်း စာတွေလိုက်ပို့၊ အပြင်မှာ ထွက်ပြီးတော့ သဘောထားတွေ ထုတ်ဖော်ပြော စသဖြင့်ဒါတွေလုပ်နေတာပေါ့ဗျာ။ အဲ့ဒီ ဒီလိုလုပ်တာ သိပ်ပြီးတော့ မဆန်းပါဘူး။ ဒီစစ်ကောင်စီက ပြောတဲ့အထဲမှာ အဓိကအချက် ပေါ့လေ။ တစ်ချက်ကတော့ မြန်မာပြည်ရဲ့ အချုပ်အခြာအာဏာကို NDAAဥပဒေကဝင်ရောက် ချိုးဖောက်စွက်ဖက်လိုက် တာဖြစ်တယ်ဆိုပြီးတော့ သူတို့ ဖြေရှင်းလိုက်တာပေါ့ဗျာ။ အဲဒီတော့ စကစဟာ မြန်မာပြည်ရဲ့အချုပ်အခြာအာဏာပိုင် အစိုးရ ဖြစ်တယ်ဆိုတာ ကမ္ဘာမှာ အသိအမှတ်ပြုတဲ့ နိုင်ငံသုံးနိုင်ငံပဲ ရှိပါတယ်။ ရုရှားရယ်၊ တရုတ်ရယ်၊ အိန္ဒိယရယ် ကျန်တဲ့ တစ်ကမ္ဘာ လုံးမှာရှိတဲ့ နိုင်ငံတွေက ကျွန်တော်တို့အသိအမှတ်မပြုပါဘူး။ အဲဒါဘယ်မှာ ထင်ရှားလဲဆိုရင် ကမ္ဘာ့ ကုလသမဂ္ဂမှာ မြန်မာပြည် အစိုးရရဲ့နေရာနဲ့ ပတ်သက်ပြီးဘယ်သူ့ကို ပေးမယ်ဆိုတာ ကုလသမဂ္ဂက မဆုံးဖြတ်ခဲ့ ပါဘူး။ ဒါပေမယ့် အရင်တုန်းက တာဝန်ထမ်း ဆောင်ခဲ့တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်ဦးကျော်မိုးထွန်းကိုပဲ ဒုတိယနှစ်အဖြစ်ဆက်လက်ပြီး တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လက်တွေ့နိုင်ငံတ ကာရဲ့ သဘောထားကပြောရရင် ဗမာပြည်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို စကစက မပိုင်ဘူးလို့ ကျွန်တော်တို့ ယူဆရမှာဖြစ်ပါတယ်။ ဒီအပေါ်မှာ စကစ နိုင်ငံခြားရေးဝန်ကြီးက ဆတ်ဆတ်ထိမခံဖြစ်နေတာကတော့ သိပ်တော့ မဆန်းပါဘူး။ သူတို့ကို အသိအမှတ်မှမပြုဘဲကို။
-နောက်တစ်ခုက မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာ ကွယ်ရေးအက်ဥပဒေ NDAA အပေါ် ဘယ်လို မြင်ပါသလဲ။
NDAAစာချုပ်ထဲမှာ ဒီစကစက တော်တော်လေး နာကျည်းခံပြင်းနေတဲ့ကိစ္စက သူတို့ကအကြမ်းဖက်သမားလို့ စွပ်စွဲနေတဲ့ NUG,CRPH,PDFစတဲ့ အဖွဲ့အစည်းတွေကို သူတို့အကြမ်းဖက်အဖွဲ့အစည်းအဖြစ် အသိအမှတ် ပြုပြီးတော့ ဆန့်ကျင်နေ တာဖြစ်ပါတယ်။ ကမ္ဘာကြီးကတော့ ဒါကိုနားလည်နေပါတယ်။ ကမ္ဘာကို အကြမ်းဖက် နေတာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ဖြစ်တယ်။ တကယ်တမ်း အဲဒီအကြမ်းဖက်မှုကို ခုခံကာကွယ် နေရတာ NUG,CRPHနဲ့ EAOအဖွဲ့အစည်းတွေဖြစ်တယ်လို့ ကမ္ဘာကြီးက နားလည်နေတာဖြစ်ပါတယ်။ ဒီတစ် ခုက စစ်ကောင်စီရဲ့ အချုပ်အခြာအာဏာပိုင်မှု အသိအမှတ်ပြုလက်မခံတာနဲ့ တပြိုင်နက်တည်း အခုက NDAA မှာ ဖော်ပြချက်အရဆို NUGနဲ့ EAO, PDF တွေကို အသိအမှတ်ပြုတဲ့ တရားဝင်ဖော်ပြမှုရှိတယ်။ နောက် ပြီး တော့ အဲဒီအဖွဲ့အစည်းတွေကို ကူညီမယ်လို့ ဖော်ပြလိုက်တာက စစ်အစိုးရကိုနိုင်ငံရေး အရတင်မဟုတ်ဘူး။ စစ်ရေးအရပါ အရှိုက်ထိုးခံလိုက်ရတဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ မခံမရပ်နိုင်ဖြစ်တယ်။
-နောက်ဆုံးအနေနဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ NDAA က ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
ဒီအကျိုးသက်ရောက်မှုက ဘာတွေရှိလာမလဲဆိုတော့ အရင်တုန်းက ပြည်သူလူထုက စစ်ကောင်စီရဲ့ လုံခြုံ ရေးတပ်ကို တူမီးတွေ၊ ဒူးလေးတွေနဲ့ ဆန့်ကျင်ရတာပါ။ ဒါပေမယ့် တိုက်ပွဲဖြစ်စဉ်အတွင်းမှာ လူထုရဲ့အုံကြွမှုနဲ့ PDFတွေရဲ့ တိုက်ပွဲဝင်မှုက အတော်လေး ပြင်းထန်မြင့်မားလာတဲ့အမျှ ကျွန်တော်တို့ အဲ့ဒီအဆင့်ကနေ အခု ဆိုလို့ရှိရင် NUGရဲ့ကြိုးပမ်းဆောင်ရွက်မှုကြောင့် ၄၀ရာခိုင်နှုန်း လောက် ဒီအင်အားစုတွေမှာ လက်နက် တပ်ဆင် မှုက အတော်မြင့်တက်နေပါတယ်။ အဲဒီတော့ မကြာခင်မှာလည်း NUG ဦးဆောင်ပြီးတော့ PDFတွေနဲ့ ပြန်လှန် ထိုးစစ်စပြီးတော့ ဆင်နွှဲဖို့ပြင်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ နိုင်ငံတကာအကူ အညီလိုအပ်ပါတယ်။ နိုင်ငံတကာကလည်း ကူညီပါတယ်။ ဒါပေမယ့် အလိုအပ်ဆုံးက ငွေကြေးနဲ့လက်နက်ဖြစ်ပါတယ်။ အဲဒီငွေကြေးနဲ့လက်နက် လိုအပ်ချက်ကို NDAA ဥပဒေပြဌာန်းလိုက်တာက နည်းပညာပေးမယ်။ လက်နက်တော့ မပေးဘူး။ ငွေရေးကြေးရေး အကူအညီတွေ ပေးမယ်ဆိုပြီးတော့ ဒေါ်လာသန်း၄၉၀ကျော် ပြဌာန်းပေးလိုက်တာကလည်း ကျွန်တော်တို့ နွေဦးတော်လှန်ရေးရဲ့လိုအပ်ချက်တွေ၊ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲ အမြန်အဆန် အဆုံး သတ်နိုင်ရေးအတွက် ကြီးမားတဲ့ တွန်းအားဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီအနေနဲ့ NDAAပါ ပြဌာန်း ချက်တွေကို အခုအခါမှာ ကြောက်လန့်တကြား ဆန့်ကျင်ကန့်ကွက်နေတာဖြစ်တယ်လို့ ကျွန်တော်တို့က ယူဆ ပါတယ်။ ဒီNDAAရဲ့ သက်ရောက်မှုကြောင့် မြန်မာ့နွေဦးတော်လှန် ရေးဟာ အောင်ပွဲနဲ့ပိုပြီးတော့ နီးစပ်သွားပြီလို့ ကျွန်တော်တို့ကတော့အကဲဖြတ်ပါတယ်။