မော်လမြိုင်၊ ဒီဇင်ဘာ၊ (၂၆)

ပရီးမီးယားလိဂ်ကလပ်အသင်း ဝုလ်ဖ်အသင်းဟာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား မတ်သက်စ်ကူဟာကို ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီလို့ အတည်ပြုကြေညာလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်ကစားသမား ကူဟာဟာ အခုရာသီမှာ အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ပွဲထွက်ခွင့် ၂ ပွဲသာ ရရှိထားပြီး အရန်တိုက်စစ်ကစားသမားအဖြစ် ရပ်တည်နေရတာပါ။

နှစ်ဖက်အသင်း သဘောတူထားတဲ့ စာချုပ်အရ ဝုလ်ဖ်အသင်းဟာ ကွန်ဟာကို ရာသီကုန်မှာ ပေါင် ၃၅ သန်းနဲ့ ခေါ်ယူရမယ့်ဆိုတဲ့ အချက်လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

ဗြိတိန်ကလာတဲ့ သတင်းတွေအရ တိုက်စစ်ကစားသမား ကူဟာကို ဝုလ်ဖ်အသင်းက ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုသွားဖို့ ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။

တိုက်စစ်မှူး ကူဟာဟာ ပြီးခဲ့တဲ့ ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ရွှေတံဆိပ်ရရှိအောင် အဓိက ကူညီပေးခဲ့တာ ဖြစ်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ချန်လှပ်ခံခဲ့ရတာပါ။

ဂျာမနီ၊ စပိန်နဲ့ ဆွမ်ဇာလန်ကလပ်အသင်းတွေမှာ ကစားဖူးတဲ့ ကူဟာဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ၈ ပွဲကစားပေးထားပါတယ်။

ကူဟာရဲ့ ဝုလ်ဖ်အသင်းကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း ၁၅ ပွဲကစားအပြီး ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၂၀ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.