သရက်ချောင်း၊ ဒီဇင်ဘာ(၂၀)

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပိတောက်ငယ်၊ ပိတောက်ကြီး၊ ပဲချောင်းဖျားကျေးရွာဘက်တွေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ တပ်အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကြောင်း ၃ ကြောင်းက သရက်ချောင်းမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်သင်္ဘော ၂ စီးကလည်း ရေပြင်ကနေလက်နက်ကြီးအချက် ၇၀ ထက်မနည်း ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

တစ်နေ့ကုန်နီးပါးအကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများအပြားရှိသလို ဒေသကာကွယ်ရေးတပ်ဘက်ကလည်း PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး ဆိုပါတယ်။

အဲဒီတိုက်ပွဲကြောင့် ပဲဒက်၊ သင်ပုန်းချောင်း၊ ကညင်ချောင်း၊ ပိတောက်ငယ်၊ ပိတောက်ကြီး၊ ပဲချောင်းကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာ နေရာတွေနဲ့ နီးစပ်ရာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတာပါ။

စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ ပြန်ထွက်သွားတာ မရှိသေးတဲ့အတွက် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီထောက်ခံ တယ်လီဂရမ်အကောင့်တွေမှာတော့ အဲဒီတိုက်ပွဲအတွင်း PDF ရဲဘော် ၇ ဦးသေဆုံးပြီး လက်နက် ၆ လက်၊ ကျည်မျိုးစုံ ၆၃ တောင်နဲ့ကျည်ဘောက် ၂ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.