မော်လမြိုင်၊ ဒီဇင်ဘာ(၂၀)
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း သွင်းအားစုအပါအဝင် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတာကြောင့် နွေစပါးစိုက်ပျိုးမှု သိသိသာသာကျဆင်းလာတယ်လို့ စပါးစိုက်တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် သွင်းအားစု ဓါတ်မြေသြဇာ ၊ စက်သုံးဆီ၊ ပိုးသတ်ဆေး အပါအဝင် အထွေထွေကုန်ကျစရိတ် အဆတန်မြင့်တက်နေတဲ့ ပြဿနာကို အကြီးအကျယ်ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
တဖက်မှာတော့ နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတွေဟာ နွေစပါးအတွက် အဓိကလိုအပ်တဲ့ ရေအရင်း အမြစ်ကို စစ်ကောင်စီဘက်က ပြည့်ပြည့်ဝဝ မကူညီပေးနိုင်တာကြောင့် အခက်ကြုံနေကြတာပါ။
နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတစ်ဦးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေအလုံအ လောက်မရတာအပြင် အထွေထွေကုန်စရိတ်ကြီးမြင့်မှုကြောင့် နွေစပါးစိုက်ပျိုးမှု ၃ ပုံ ၁ ပုံလျော့ကျထားရတယ်လို့ ပြောပါတယ်။
“စိုက်ဧကတွေ နည်းသွားတာပေါ့။ လက်ဦးတုန်းက စိုက်ဧက (၃၀၀၀) ရှိမယ်ဆိုရင် အခု(၂၀၀၀) လောက်ပဲ စိုက်နိုင်တော့တာပေါ့။ နွေစပါးရဲ့ အခက်ခဲတွေက ချောင်းတွေ၊ မြောင်းတွေကို သုံးနှစ်တစ်ကြိမ်ပြန်ဖော်ပေးရတယ်လေ။ အခုဆိုသုံးနှစ်တစ်ကြိမ်ဖော်တဲ့ ကာလတွေမရှိတော့ဘူး။ ရေအလားလာလည်း မကောင်းဘူးလေ။ သွင်းအားစု ဈေးတွေမြင့်သွားပြီ။ နွေစပါးမျိုးဆိုလို့ရှိရင် တစ်တင်းကို ၂၅၀၀၀ ဝယ်ရတယ်လေ။ မတော်လို့များ နွေစပါးစိုက်တဲ့တောင်သူတစ်ယောက်များ ရှုံးသွားတယ်ဆိုရင် သူ့ဘဝပျက်ပြီ” လို့ ဆိုပါတယ်။
နွေစပါးစိုက်ပျိုးရာမှာ လိုအပ်တဲ့ ရေအရင်းအမြစ်တွေကို အရင်အစိုးရထက်ထက်တွေတုန်းက ဆည်တွေနဲ့ ချောင်းမြောင်းတွေကို ပိတ်ပြီး စီစဉ်ဆောင်ရွက်ပေးခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ ကူညီပေးမှု နည်းပါးလာတယ်လို့ ဆိုပါတယ်။
နွေစပါးစိုက်ပျိုးနေတဲ့ တောင်သူတစ်ဦးကလည်း အထွေထွေကုန်စရိတ်ကြီးမြင့်တာအပြင် အလုပ်သမား ရှားပါးနေတာကြောင့် ဒီနှစ်နွေစပါးရာသီမှာ စိုက်ပျိုးမှုရပ်နားတာတွေ ရှိလာတယ်လို့ ပြောပါတယ်။
“သွင်းအားစုတွေကလည်း ဈေးမြင့်တယ်။ တောင်သူဆိုတာလည်း ဒီအလုပ်ပဲရှိတော့ လုပ်တော့လုပ်နေရတယ်။ တစ်ဧကဆို အနည်းဆုံးကုန်ကျစရိတ်က တစ်ဧကကို ၇သိန်း၊ ၈သိန်းရှိတယ်။ ပန်းတိုင်အထွက်နှုန်းက တစ်ဧကကို တင်း(၁၀၀)ထွက်နှုန်းရမှ ဖြစ်မှာပေါ့။ တကယ်လို့ ပန်းတိုင်အထွက်နှုန်းအောက်လျော့သွားရင်တော့ တောင်သူတွေမှာ အကျိုးအမြတ်မရှိဘူးပေါ့။ ဒီနှစ်မှာတော့ တချို့တောင်သူတွေလည်း မလုပ်တော့ဘူးလို့ ကြားပါတယ်” လို့ဆိုပါတယ်။
နွေစပါးစိုက်ပျိုးတဲ့ တောင်သူတွေဟာ အရင်တုန်းကတစ်ဧကကုန်ကျစရိတ် ကျပ် ၄သိန်းသာ ရှိရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်ဧက ကျပ် ၁၀ သိန်းလောက်ထိ ကုန်ကျလာတာကြောင့် စပါးအထွက်နည်းပြီး အရှုံးပေါ်မှာကို စိုးရိမ်နေကြတာပါ။
မွန်ပြည်နယ်မှာတော့ စပါးဧက ၇ သိန်းကျော် ရှိနေတာဖြစ်ပြီး မိုးစပါးစိုက်ဧက ၆ သိန်း ၈ သောင်းကျော်၊ နွေစပါး စိုက်ဧက ၃၇၀၀၀ ကျော် ရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့် နွေစပါးစိုက်ပျိုးမှုဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း သိသိသာသာ ကျဆင်းနေတာ ဖြစ်ပါတယ်။
ဆန်စပါးလုပ်ငန်းရှင်တွေအဆိုအရ နွေစပါးစိုက်ပျိုးမှု လျော့ကျလာမှုနဲ့အတူ မိုးစပါးအထွက်နှုန်း ကျဆင်းထားတာကြောင့် ဆန်ဈေးနှုန်း ထပ်မံမြင့်တက်လာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
သတင်း -သံလွင်တိုင်းမ်