မော်လမြိုင်၊ ဒီဇင်ဘာ (၂၀)

လမ်းပိုင်းလုံခြုံရေး စိတ်ချရတဲ့အခြေအနေမရှိတာကြောင့် မော်လမြိုင်-ရန်ကုန် ညရထားခရီးစဉ် ပြေးဆွဲမှု ယာယီဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီမြန်မာ့မီးရထားဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီမြန်မာ့မီးရထားဌာနဟာ မော်လမြိုင်-ရန်ကုန် ညရထားခရီးစဉ်တွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၂)ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲခဲ့တာဖြစ်ကာ ဒီဇင်ဘာ (၁၈) ရက်နေ့မှာတော့ ညရထားပြေးဆွဲမှု ယာယီဖျက်သိမ်းလိုက်ကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၇ နာရီခွဲအချိန်က သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာနဲ့ တံတားဦးကျေးရွာအကြားမှာ မော်လမြိုင်-ရန်ကုန် ကုန်ရထား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ညရထားခရီးစဉ် ယာယီဖျက်သိမ်းလိုက်တာပါ။

မော်လမြိုင်-ရန်ကုန် ညရထားခရီးစဉ် ယာယီဖျက်သိမ်းလိုက်တဲ့အတွက် ကြိုတင်ဝယ်ယူထားတဲ့ ရိုးရိုး တန်းနဲ့ အထူးတန်းလက်မှတ်ခတွေကို ပြန်ထုတ်ပေးသွားမယ်လို့ ဆိုပါတယ်။မော်လမြိုင်-ရန်ကုန် ညရထား ခရီးစဉ် ဖျက်သိမ်းလိုက်ပေမယ့် နံနက် (၉)နာရီ ရထားတစ်စင်းထဲသာ ပြေးဆွဲတော့မှာဖြစ်သလို နေ့စဉ်အစုန်၊ အဆန် ပြေးဆွဲပေးသွားမယ်လို့လည်း စစ်ကောင်စီမြန်မာ့မီးရ ထားဌာနက ထုတ်ပြန်ထားပါတယ်။

ပြည်သူတွေဟာ မော်လမြိုင်မှရန်ကုန်ကို ကားလမ်းခရီးဖြင့်သွားရောက်ပါက ညောင်ခါးရှည်ကျေးရွာ အနီးရှိ X-Ray စစ်ဆေးရေးဂိတ်မှာ ကြန့်ကြာမှုတွေရှိတဲ့အတွက် ရထားနဲ့ခရီးသွားလာမှုတွေ များလာခဲ့တာဖြစ်ပါတယ်။

ရထားနဲ့ခရီးသွားလာမှုတွေ များလာတာကြောင့် စစ်ကောင်စီရထားရဲတွေနဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေက ရထားလက်မှတ်ခတွေကို (၃)ဆနီးပါးဈေးတင်းပြီး မှောင်ခိုရောင်းချတာတွေ လုပ်ဆောင်နေတာပါ။

မော်လမြိုင်-ရန်ကုန် ကုန်ရထားမှာ စစ်ကောင်စီလက်နက်ခဲယမ်းတွေအပြင် တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် တပ်မှူးတစ်ဦးက သတင်းဌာနတွေကို ဖြေဆိုထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.