ကိုလမ်ဘို၊ ဒီဇင်ဘာ(၂၀)

သီရိလင်္ကာရေတပ်က အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းကမ်းရိုးတန်းမှာ မျောပါနေတဲ့ ရိုဟင်ဂျာ ၁၀၄ ဦးကို ကယ် ဆယ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ(၁၉)ရက်နေ့က ရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာတွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားလို အရှေ့တောင်အာရှနိုင်ငံတွေကို ခနော်ခနဲ့လှေငယ်တွေနဲ့ သွားရောက်ဖို့နှစ်တိုင်းလိုလို ကြိုးပမ်းနေကြတာပါ။ သူတို့ရဲ့ အသက်အန္တရာယ်ကို စွန့်စားပြီး ခရီးထွက်ကြ လေ့ရှိတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်စစ်အာဏာသိမ်းချိန်ကစလို့ တိုးမြင့်နေတာပါ။

သီရိလင်္ကာရေတပ်က သင်္ဘောဟာ ကမ်းစပ်မှ ရေမိုင် ၃.၅ မိုင်အကွာမှာ ရိုဟင်ဂျာတွေစီးနင်းလိုက်ပါလာတဲ့ သင်္ဘောကို ပထမဆုံးတွေ့ရှိခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ သင်္ဘောကို မြောက်ပိုင်းဆိပ်ကမ်းထံသို့ တနင်္ဂနွေညမှာ ဆွဲတင်နိုင်ခဲ့တယ်လို့  ရေတပ်ပြောရေးဆို ခွင့်ရှိသူ Captain Gayan Wickramasuriya က ပြောကြားခဲ့ပါတယ်။

“လူတွေကို ရဲတွေဆီ လွှဲပြောင်းပေးလိုက်ပါပြီ ရဲတွေက သူတို့ကို နောက်တစ်ဆင့် ဆုံးဖြတ်မယ့် တရားသူ ကြီးရှေ့မှာ တင်ပြမယ်” လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့တာလို့ ယူဆရတဲ့ ငါးဖမ်းသင်္ဘောငယ်တစ်စီးပေါ်မှာ လူပေါင်း၁၀၄ ဦးကို တွေ့ရှိခဲ့ရတယ်လို့ ရေတပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဒီလူတွေဟာ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်မှာ သင်္ဘောရဲ့ အင်ဂျင်ပြဿနာနဲ့ ကြုံခဲ့ရတယ်လို့ ဖော်ပြထားတာပါ။

အမျိုးသမီး ၃၉ ဦးနဲ့ အရွယ်မရောက်သေးသူ ၂၃ ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့ပြီး အသက် ၈၀ အရွယ် အဘိုးအို တစ်ဦး၊ မိခင်တစ်ဦးနဲ့ ကလေးနှစ်ဦးကို အသေးစားဖျားနာမှုတွေကြောင့် ဆေးရုံတင်ထားရတယ်လို့လည်း သိရ ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ဖြိုခွင်းမှုအပြီး ရိုဟင်ဂျာမွတ်စလင် ၇၃၀,၀၀၀ ကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတာလို့ သတင်းတွေမှာဖော်ပြနေပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မီဒီယာတွေကလည်း အရပ်သားတွေကို သတ်ဖြတ်တာတွေနဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေကို မှတ်တမ်းတင်ထားခဲ့တာပါ။

မြန်မာအာဏာပိုင်တွေကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပြီး သောင်းကျန်းသူတွေကို  နှိမ်နင်းနေတာ ဖြစ်တယ်လို့  ပြောဆိုထားပါတယ်။

Ref; Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.